Current Feed Content
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ရည်းစားဟောင်း ကွပ်မျက်ခံရ
Posted:2013-08-30 11:07:41 UTC+07:00
မြောက်ကိုရီယား ခေါင်းဆောင်သစ် ကင်ဂျံအန်ရဲ့ ရည်စားဟောင်း၊ နာမည်ကြီး အဆိုတော် အမျိုးသမီးကို လွန်ခဲ့တဲ့ ၉ ရက်ကျော် ၁၀ ရက်လောက်က သေနတ်ပစ်တပ်ဖွဲ့နဲ့ ပစ်သတ်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းတွေက ဖော်ပြ နေပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ချစ်သူဟောင်း အဆိုတော် Hyon Song-wol၊ ဓာတ်ပုံ- mail online
Unhasu Orchestra သံစုံတီးဝိုင်းအဖွဲ့ရဲ့ အဓိက ခေါင်းဆောင်တွေနဲ့ အတူ ကင်ဂျုံအမ်ရဲ့ ရည်းစားဟောင်း အဆိုတော် Hyon Song-wol အပါအ၀င် စုစုပေါင်း အနုပညာရှင် ၁၂ ဦးတို့ဟာ “အပြာကား” ရိုက်ခဲ့တယ် လို့ စွပ်စွဲခံရပြီး အများ သူငါ ရှေ့မှာ စစ်သေနတ်နဲ့ ပစ်သတ်တာလို့ တောင်ကိုရီယား သတင်းစာတွေက ရေးပါတယ်။
တောင်ကိုရီးယား သတင်းစာ တစောင်ကတော့ Hyon Song-wol အပါအ၀င် သံစုံတီးဝိုင်းက အဖွဲ့သား စုစုပေါင်း ၁၂ ဦးတို့ ဟာ သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ၃ ရက် အကြာမှာပဲ လူထုရှေ့မှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆို ပါတယ်။
တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး သတင်းစာကြီးတစောင်ဖြစ်တဲ့ Chosun Ilbo က တရုတ်နိုင်ငံက သတင်းရင်းမြစ် တခုကို ကိုးကားဖော်ပြတာမှာလည်း သူတို့တွေကို သေနတ်နဲ့ ပစ်သတ်လိုက်တာကို ဖော်ပြပါတယ်။
အဆိုတော် Hyon Song-wol နဲ့ ကင်ဂျုံအန် တို့ဟာ ဆယ်ကျော်သက်ဘ၀က ချစ်သူစုံတွဲတွေ ဖြစ်ခဲ့ကြပေမယ့် ကွယ်လွန် သူ ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျုံအီကြောင့်သာ ချစ်သူတွေအဖြစ်က ကွေကွင်းသွားခဲ့ကြရတာပါတဲ့။
အဆိုတော် Hyon Song-wol ဟာ မြောက်ကိုရီးယား အစိုးရကိုထောက်ခံတဲ့ သီးချင်းတပုဒ် ဖြစ်တဲ့ 'Excellent Horse-Faced Lady' မှာ ပိုပြီး နာမည်ကျော်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ကင်ဂျုံအီ ကွယ်လွန်ပြီးနောက် ကင်ဂျံအန် အာဏာ ရလာတဲ့အခါမှာတော့ တခြား နာမည်ကြီး အနုပညာရှင် တဦးဖြစ်တဲ့ Ri Sol-ju ဆိုတဲ့ Unhasu Orchestra က ဂီတပညာရှင်နဲ့ လက်ထပ်ခဲ့ပါတယ်။
ကင်ဂျုံအန်နဲ့ ဇနီးသည် Ri Sol-ju
လက်ရှိ ကင်ဂျုံအန်ရဲ့ ဇနီးသည် Ri Sol-ju နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် Hyon Song-wol တို့ဟာ တယောက်ကို တယောက် သိကျွမ်းမှု ရှိတယ် မရှိဘူး ရှင်းရှင်းလင်းလင်း မရှိသလို၊ ဇနီးသည် အနေနဲ့ ကွက်မျက်ခံလိုက်ရတဲ့ အဆို တော် Hyon Song-wol ဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်ခဲ့ဖူးတယ်ဆိုတာလည်း သိသလား၊ မသိဘူးလားဆိုတာလည်း မသဲကွဲပါဘူး။
အိမ့်သံစဉ် ~
ရဲကြောင့် သေဆုံးသွားရတယ်ဆိုတဲ့ ဆယ်တန်းကျောင်းသားနဲ့ပတ်သက်လို့
Posted:2013-08-30 07:58:15 UTC+07:00
ရဲတပ်ဖွဲ့ဝင် ကြောင့် ယမန်နှစ်က သေဆုံးသွားခဲ့ရတယ် ဆိုတဲ့ ၁၀ တန်း ကျောင်းသား မောင်ကောင်းဆက်ပိုင် နဲ့ ပတ်သက်ပြီး ဧရာဝတီကို ပေးစာ တစောင် ရောက်လာပါတယ်။
ရဲကြောင့် သေဆုံးသူ ကလေးသူငယ် ဆယ်တန်းကျောင်းသား မောင်ကောင်းဆက်ပိုင်
ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တရားရုံး
ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂)
တရားရုံးတင်…..၂၃-၁-၂၀၁၂ ခုနှစ်၊
ပြစ်မှုကြီးအမှုအမှတ် (၃၂၇/၂၀၁၂)
တရားလို……………..ဦးအေးဟုန်(သေဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်)
နှင့်
တရားခံ………………………(ရဲ) ဒု တပ်ကြပ် သဲမောင်မောင်
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု (အမှုဖြစ်စဉ်)
(၃၁-၁၂-၂၀၁၁) နေ့တွင် ပြည်မြို့၊ ရွာဘဲ ရပ်ကွက်၊ အမှတ် (၉/ခ) ရတနာမာန်အောင် ကွက်သစ်နေ ၊ ဆယ်တန်း ကျောင်း သား၊ (၁၆)နှစ်မပြည့်သော ကလေးသူငယ် မောင်ကောင်းဆက်ပိုင်(ခ)တရုတ်ကြီး (သေဆုံးသူ)နှင့် ဇော်လင်းဦး(ခ) နူတ်သီးတို့သည် ခရစ်ယာန်ကျောင်းအနီး ရန်ဖြစ်နေသူများကို ရပ်ကြည့် နေခဲ့ပါသည်။ ရန်ဖြစ်နေသူများမှာ နှစ်ဖက်စလုံး သူငယ်ချင်းများဖြစ်ကြပါသည်။
(၁-၁-၂၀၁၂) နေ့တွင် မောင်ကောင်းဆက်ပိုင် သည် (သေဆုံးသူ)နှင့် ဇော်လင်းဦး(ခ) နူတ်သီး (အဓိက သက်သေ)တို့သည် ရန်ဖြစ်သူ သူငယ်ချင်းများကိုတွေ့ရန် ပြည်(၂)မြို့မရဲစခန်းသို့သွားခဲ့ပါသည်။ ရဲကတွေ့ခွင့်မပေးပါ။
(၂-၁-၂၀၁၂)ရက်နေ့တွင် ရန်ဖြစ်သူ မျိုးဟိန်းကျော်ကိုတွေ့ရန် ကောင်းဆက်ပိုင်သည် သူငယ်ချင်း လေးငါးယောက်နှင့်အတူ ပြည်မြို့နယ်တရားရုံးသို့သွားခဲ့ပါသည်။ ပြည်တရားရုံးအချုပ်ခန်းထဲတွင် တွေ့ခဲ့ရပါသည်။
(၃-၁-၂၀၁၂) နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် မောင်ကောင်းဆက်ပိုင်၊ ပြည့်စုံ၊ ဇော်လင်းဦး (ခ) နူတ်သီး၊ အာကြီး၊ အိလေး၊ သက်သက်ခင် နှင့် အမည်မသိသော ယောက်ျားလေးတစ်ယောက် စုစုပေါင်း (၇) ယောက် ရထားသံလမ်းဘေး Eco ကံကော် လက်ဖက်ရည်ဆိုင်တွင်ထိုင်ခဲ့ပါသည်။
နံနက် (၉း၃၀) နာရီခန့်တွင် ရွှေတစ်ချောင်လမ်း ကိုရခိုင်(ဆိုင်ကယ်/ကား လေးထိုးကျွတ်ဖာ)ဆိုင်တွင် မောင်ကောင်းဆက်ပိုင်၊ ဇော်လင်းဦး (ခ)နူတ်သီး၊ ပြည့်စုံ နှင့် ကိုရခိုင်တို့နှင့်အတူရှိနေခဲ့ပါသည်။
ထိုနောက် ယိုးဒယားလမ်းဒေါင့် မနှင်းနှင်း ထံသို့သွားခဲ့ပါသည်။ မောင်ကောင်းဆက်ပိုင်နှင့် ဇော်လင်းဦး(ခ) နူတ်သီးတို့သည် Eco ကံကော်ဘေး ရထားသံလမ့်း အရှေ့ ဘက်သို့ဆိုင်ကယ်ဖြင့် ပြန်လာချိန်တွင် ဒု တပ်ကြပ်သဲမောင်မောင်(တရားခံ)က Eco ကံကော်ရထားသံလမ်းတွင် ဇော်လင်းဦး(ခ)နူတ်သီးကို “နူတ်သီး ဆိုတာမင်းလား” ဟုလှမ်းပြောပါသည်။
ကျွန်တော်တို့ ဆိုင်ကယ်မရပ်ဘဲ မောင်းနှင်းခဲ့ပါသည်။ ဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့် ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ပါသည်။
Eco ကံကော် လက်ဖက်ရည်ဆိုင်နှင့် သိပ်မဝေးသော သရက်ပင်တွေစိုက်ထားသော ခြံကြီးအရောက်တွင် မင်းနာမည် နူတ်သီးလား ဟုဆိုပြီး ဘယ်ဘက်ပခုံးကို လှမ်းဆွဲရာတွင် ကျွန်တော်ပခုံးကို ထိသွားပါသည်။ ကျွန်တော်တို့ကရပ်မပေးပါ။
ကျွန်တော်တို့ ဆိုင်ကယ်နောက်သို့ အတင်းလိုက်လာပါသည်။ ရထားလမ်းဘေး နားက ကွမ်းယာဆိုင် အနားအရောက်တွင် ဇော်လင်းဦး(ခ)နူတိသီးက ကောင်းဆက်ပိုင်ကို ဆိုင်ကယ်ရပ်ဖို့ ပြောသောအခါ ကောင်းဆက်ပိုင်က “ဆိုင်ကယ်ကို တုံ့ကနဲ့ ရပ်လို့မရဘူး၊ အရှိန်လျှော့မှရမယ်” ဟုပြောခဲ့ပါသည်။
အဲဒီအချိန်တွင် နောက်မှလိုက်လာသူမှာ မှီလာပါသည်။ မီးသတ်ကင်းနား ငှက်ပျောပင်တွေနဲ့ ခြံကြီး အရောက်တွင် ဇော်လင်းဦး(ခ)နူတ်သီး၏ဘယ်ဘက်ပခုံးကို လှမ်းဆွဲလိုက်ရာ ဇော်လင်းဦး(ခ)နူတ်သီး ပြုတ်ကျသွားပါသည်။
ပြုတ်ကျပြီး ကုန်းထပြီး ကြည့်လိုက်သောအချိန်တွင် ဒုတပ်ကြပ်သဲမောင်မောင်က ကောင်းဆက်ပိုင်၏ ဆိုင်ကယ်လက်ကိုင်ကိုဆွဲ၍ ခြေနှင့်ကန်ခဲ့ရာ ဆိုင်ကယ်လဲကျသွားပါသည်။
ကလေးသူငယ် ကောင်းဆက်ပိုင်သည် လဲကျသွားရာ ဓါတ်တိုင်နှင့်ဆောင့်မိခဲ့ပါသည်။ ဆိုင်ကယ်လဲကျပြီး ဆိုင်ကယ်ပိနေသော ကောင်းဆက်ပိုင်ကို လက်ထိပ်ခတ်ပြီး ဆိုင်ကယ်အောက်ကနေ ၆ပေ၊ ၇ပေ လောက် ဒရွတ်တိုက် ဆွဲထုတ်သည်ကို ဇော်လင်းဦး(ခ)နူတ်သီးကတွေ့မြင်ခဲ့ရပါသည်။
ထို့နောက် ကလေးသူငယ် မောင်ကောင်းဆက်ပိုင် သေဆုံးသွားခဲ့ပါသည်။
ဇော်လင်းဦး(ခ)နူတ်သီးကိုလည်း လဲကျရာနေရာသို့ ဒုတပ်ကြပ်သဲမောင်မောင်က လာရောက် လက်ထိပ် ခတ်ခဲ့ပါသည်။
(၃-၁-၂၀၁၂) နေ့တွင် ဇော်လင်းဦး(ခ)နူတ်သီးသည် ဆေးရုံးသို့ရောက်ခဲ့ပါသည်။ နံရိုးက အဆုတ်ဖောက် ပြီးသွေးဝင်သွားသည့်အတွက် ခွဲစိတ်ခန်းထဲသို့ ၀င်ခဲ့ရပါသည်။
ဇော်လင်းဦး(ခ)နူတ်သီးမှာ ညာအဆုပ်ပေါက်ပြီး ညာ တံတောင်ကျိုး၍ ပြင်းထန်စွာဒဏ်ရာ ရခဲ့ပါသည်။ ခွဲစိတ်ခန်းကပြန်ထွက်ပြီး ဆေးရုံကုတင်ပေါ်အရောက်တွင် ကုတင်သံတိုင်နှင့် ခြေနှစ်ဖက်ကို သံကြိုး ခတ်ခဲ့ပါသည်။
အချင်းဖြစ်နေတွင့် သေဆုံးသူ မောင်ကောင်းဆက်ပိုင်၏ ဖခင်-ဦးအေးဟုန် ဆိုင်ကယ်နောက်တွင် ပါသွား၍ ဒဏ်ရာရရှိသူ ဇော်လင်းဦးအား သွားရောက်တွေ့ဆုံပြီး အကျိုးအကြောင်းမေးမြန်ရာ ဇော်လင်းဦး က ပြောပြ မှ ဒုတပ်ကြပ် သဲမောင်မောင်ကြောင့် သေဆုံးခဲ့သည်ကို သိရှိ၍ ပြည်မြို့ အမှတ်(၂)မြို့မရဲစခန်းသို့ ညီဖြစ်သူ လှဝင်းသိန်း နှင့်အမှုဖွင့်တိုင်ကြားရာ စခန်းမှအမှုဖွင့်မပေး၍ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပဲခူးတိုင်း ရဲတပ်ဖွဲ့ မှူး တို့ ထံ တရားလို ဦးအေးဟုန်မှ စာဖြင့်တိုင်ကြားပြီးနောက်၊ ပြည်မြို့နယ်တရားရုံးတွင် သဲမောင်မောင် အပေါ် ဥပဒေအရ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တရားရုံး ရာဇာဝတ်တရားသူကြီးထံသို့၂၃-၁-၂၀၁၂ခုနှစ်တွင်ရုံးတင် ခဲ့ပါသည်။ ပြစ်မှုကြီးအမှုအမှတ် (၉၂၁/၂၀၁၂)၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၈ ဖြစ်ပါသည်။
ပြည်မြို့ နယ်တရားရုံးက ဒုတပ်ကြပ်သဲမောင်မောင်ကို အာမခံပေးသဖြင့် ရွှေတောင်မြို့နယ်တရားရုံး သို့ပြောင်းရွေ့ ခဲ့ပါသည်။
ပြည်မြို့နယ်တရားရုံးတွင် ရုံးချိန်းပေါင်း (၂၄) ချိန်းရှိခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် တရားရုံး ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း (တ/၂၀၄၂) ပြစ်မှုကြီးအမှုအမှတ် (၃၂၇/၂၀၁၂) တွင် အမှု စစ်ဆေးပြီး (၃-၉-၂၀၁၃) ရက်နေ့တွင် အမိန့်ချမည်ဖြစ်သည်။
ရွှေတောင်တရားရုံးတွင်လည်း ရုံးချိန်း(၃၅) ချိန်းရှိခဲ့သည်။ ပြည်မြို့နှင့်ရွှေတောင်မြို့စုစုပေါင်းရုံးချိန်းပေါင်း (၅၉) ချိန်းရှိခဲ့ပါသည်။
(၁၉၉၃)ကလေးသူငယ်ဥပဒေ ပုဒ်မ (၃)ပုဒ်မခွဲ(ဂ) ကလေးသူငယ်များသည် ယင်းတို့၏ အခွင့်အရေး များ ကို ဥပဒေနှင့်အညီအပြည့်အ၀ခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်။ ပုဒ်မ(၁၆)ပုဒ်မခွဲ(က) ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအကြောင်းမဲ့ ထိပါးခြင်း မခံရစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမည်။
ပုဒ်မ(၃၇)ပုဒ်မခွဲ(က)ရဲအရာရှိက ကလေးသူငယ်ကို လက်ထိတ်ခတ်ခြင်း၊ကြိုးဖြင့်ချည်နှောင်ခြင်းမပြုရ။ ပုဒ်မခွဲ(ဂ)နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းမပြုရ၊ ကလေးအခွင့်အရေး အပိုဒ်(၄) ကလေးအခွင့်အရေး များကို နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံမှ အစွမ်းကုန်ကာကွယ်ပေးခြင်း။ အပိုဒ်(၆)အသက်ရှင်ရပ်တည်ခွင့်၊ အပိုဒ်(၃၇) ရက်စက်၍ မတရား လူဂုဏ်သိက္ခာငြိုးနွမ်းသေးသိမ်သော ပြစ်ဒဏ်မျိုးမပေးရ။ ပြုမှုဆက်ဆံခြင်း မပြုရ။ ကလေးသူငယ်တိုင်း အသက်ရှင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုရရှိရန် အခွင့်အရေးနှင့် ဥပဒေရှိ သည်။
ရွှေတောင်မြို့နယ်တရားရုံးဖုန်း- ၀၅၃ ၅၅၀၀၆
ရွှေတောင်မြို့နယ်ဥပဒေရုံး- ၀၅၃ ၅၅၀၀၄၇
တရားလို ဦးအေးဟုန်
အမှတ်(၉/ခ)၊ ရတနာမာန်အောင်ကွက်သစ်၊ ပြည်မြို့။
(၃-၉-၂၀၁၃)ရက်နေ့ အမိန့်ချမည်။
ဖုန်း- ၀၉ ၄၃၀၀၆၂၇၂
ဇွဲကပင်တောင်ပေါ် ကေဘယ်လ်ကားနဲ့တက်ရေး စီမံကိန်း
Posted:2013-08-30 05:30:01 UTC+07:00
~
ကရင်ပြည်နယ်ဇွဲကပင်တောင်ပေါ်စေတီကို ရဟန်းရှင်၊လူ၊ ပြည်သူအများ သွားရောက် ဖူးမျှော်နိုင်ဖို့ Cable Car တပ်ဆင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။
ဇွဲကပင်တောင်ဟာ ဘားအံမြို့တောင်ဘက်(၇)မိုင်အကွာက ဇွဲကပင်တောင်ဟာ မြင့်မားမတ်စောက်တာကြောင့် ဘုရားဖူးများ တက်ရောက်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။
၂၀၁၃ မတ်လက တွေ့ရတဲ့ ကရင်ပြည်နယ်ရဲ့ နှလုံးသား ဇွဲကပင်တောင် (ဓာတ်ပုံ - မန်းမျိုးမြင့်)
ယခုအခါ မလေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ Cable Car စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရပါတယ်။
Cable Car ဟာ လူ(၄၀)အထိစီးနိုင်ပြီး ကြိုးကို လျှပ်စစ်မော်တာဖြင့် ဆွဲတင်ပို့ရမှာပါ။
Cable ကြိုးအချင်း(၃၈)မီလီမီတာ ရှိပြီး သက်တမ်း(၁၀)နှစ်မှ(၁၅)နှစ်အထိ ခံနိုင်အားရှိတယ်၊ ပစ္စည်း အစိတ်အပိုင်းများကို ဆွစ်ဇာလန်နဲ့ သြစတြေးလျနိုင်ငံတို့က မှာယူမယ်၊ မတော်တဆမှုများကို ကြိုတင်ကာကွယ်မယ့် လုံခြုံရေးအစီအစဉ်များ တပ်ဆင်မယ် လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car တည်ဆောက်ရေး စီမံကိန်း ပြီးသွားရင် ဒေသတွင်း ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ မျှော်လင့်နေကြသူလည်း အများအပြား ရှိပါတယ်။
ဇွဲကပင်တောင်ကို တကမ္ဘာလုံးက သတိထားသိသွားရမယ့် စီမံကိန်းတခုလည်း ဖြစ်သွားနိုင်ကြောင်း တချို့က ပြောပါတယ်။
ကုန်ကျစရိတ်မှာ ဒေါ်လာသန်း(၂၀)ကျော် ဖြစ်ကြောင်း စီမံကိန်းဖြစ်မြောက်ရေးဥက္ကဌဦးယဉ်ထွေးဆွေ ကဟြေပြခဲ့ပါတယ်။
အခုလည်းစီမံကိန်းစတင်တဲ့ အစည်းအဝေးမှာတင် အလှူငွေ (၇၃၆)သိန်းကျော် လက်ခံရရှိထားကြောင်း သိရပါတယ်။
စီမံကိန်းဖြစ်မြောက်ရေးကော်မတီရဲ့ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
၀၉ ၄၃၂၀ ၁၀၉၀
၀၉ ၈၇၃ ၁၀၀၈
၀၉ ၅၁၃ ၅၈၄၆
၀၉ ၄၃၁၁ ၁၁၁၈
၀၉ ၅၁၂ ၂၄၅၉
၀၉ ၈၇၃ ၀၆၉၅
၀၉ ၅၆၆ ၁၀၁၂
၀၉ ၈၇၃ ၀၃၀၉
၀၉ ၈၇၃ ၀၇၂၃
၀၉ ၄၄၉ ၂၅၁ ၀၅၀
၀၉ ၈၇၃ ၀၄၁၁
မြတ်သူအောင်
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ခင်ဝင့်ဝါရဲ့ ဘီကီနီဖက်ရှင်
Posted:2013-08-30 03:00:00 UTC+07:00
~
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတခုဝင်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါရဲ့ ဘီကီနီပုံတွေကို သူ့ရဲ့ Facebook ကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
-
သူ ပြိုင်ပွဲဝင်နေတဲ့အကြောင်းကို ဒီဘလော့မှာ အောက်က လိပ်စာတွေအတိုင်း သွားရောက်ဖတ်ရှုနိုင်ပါပြီ။
နိုင်ငံတကာမယ်ပြိုင်ပွဲရောက်နေတဲ့ မြန်မာမော်ဒယ်
http://blog.irrawaddy.org/2013/08/blog-post_8721.html
ဘယ်လာရုစ်ရောက် မော်ဒယ်လှလှ ခင်ဝင့်ဝါ
http://blog.irrawaddy.org/2013/08/blog-post_7720.html
ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ရေကူးဝတ်စုံ အလှဝတ်ပြိုင်ပွဲအတွက် နိုင်ငံတကာမယ်များနည်းတူ ခင်ဝင့်ဝါလည်း ဘီကီနီ ဆင်မြန်းရပါတယ်။
ရေကူးဝတ်စုံအလှဆုံးမယ်ဆုကို သူတို့ထဲက ဘယ်သူ ရမယ် ဆိုတာကတော့ ရှေ့တပတ်ထဲ အဖြေပေါ်ပါလိမ့်မယ်။
အလှမယ်ပြိုင်ပွဲမှာ ရေကူးဝတ်စုံ ဝတ်ဆင်တာကို နိုင်ငံတချို့မှာတော့ ကန့်ကွက်ခံရဖွယ် ရှိပါတယ်။
ဂျပန်မှာ မယ်ပြိုင်ပွဲသွားဝင်ခဲ့တဲ့ နန်းခင်ဇေယျာလည်း ဘီကီနီဝတ်ပြီး ယှဉ်ပြိုင်ခဲ့ရတာနဲ့ ကြုံခဲ့ရဖူးပါတယ်။
ဒီလို နိုင်ငံတကာပွဲတွေကို မြန်မာပြည်မှာ လက်ခံ ကျင်းပမယ် ဆိုရင်လည်း ရေကူးဝတ်စုံအလှအပ အစီအစဉ်တွေ သေချာပေါက် ပါဝင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ တချိန်က ဒါတွေကို မစဉ်းစားခဲ့ကြပေမယ့် အနာဂတ်မှာတော့ ဒီလို ပြိုင်ပွဲအတွင်း ဝတ်ဆင်မှုကို ခွင့်ပြုလာဖွယ် ရှိပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသုံးသပ်ချက်နဲ့ ဒိတ်လိုင်းဧရာဝတီ
Posted:2013-08-30 01:00:00 UTC+07:00
နိုင်ငံရေးပါတီတွေရဲ့ လက်ရှိအခြေအနေ အားသာချက်၊ အားနည်းချက်တွေနဲ့ ၂၀၁၅ မှာ ဖြစ်လာနိုင်မယ့် နိုင်ငံရေး အခြေအနေတွေကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုး နဲ့အတူ မြန်မာ့နိုင်ငံရေး
လေ့လာသုံးသပ် သူများဖြစ်တဲ့ ဒေါက်တာ ရန်မျိုးသိမ်းနဲ့ ကိုရဲနိုင်အောင် (ကိုဝ) တို့က ဒီတပတ် ဒိတ်လိုင်း ဧရာဝတီမှာ ဆွေးနွေးထားကြပါတယ်။
ချင်းမိုင် ဝပ်ဆိုင်းမွန်း ကျောင်းအပ်ပွဲ (ရုပ်/သံ)
Posted:2013-08-29 20:52:15 UTC+07:00
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်း အပ်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ မြန်မာ ဆရာတော်ကြီးများ၊ ထိုင်း ဆရာတော်ကြီးများ နဲ့ စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့တာကို ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဘယ်လာရုစ်ရောက် မော်ဒယ်လှလှ ခင်ဝင့်ဝါ မဲဆွယ်နေပါတယ်
Posted:2013-08-29 18:02:59 UTC+07:00
~
နိုင်ငံရေးသမားတွေမှ မဲဆွယ်တာ မဟုတ်ပါဘူး။
အလှမယ်တွေလည်း မဲဆွယ်နေပါပြီ။
Miss Supranational ပြိုင်ပွဲဝင်ဖို့ ဘယ်လာရုစ်ကို ရောက်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါက သူ့ကို အွန်လိုင်းကနေ မဲပေးကြဖို့ Facebook ကနေ အသိပေးထားပါတယ်။
http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286
link လေးကို ဖွင့်ပြီး photo အောက်မှာရှိတဲ့ လေးကို click နှိပ်ပေးပါနော်..♥♥♥
နေ့ စဉ်မဲပေးနိုင်ပါတယ်...
သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးလို့ ရတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရပါတယ်...
(Chrome ကနေ မဲပေးပြီးပေမယ့်လည်း Firefox နဲ့ဖွင့်ပြီးမဲ ပေးပါကလည်း မဲပေးလို့ ရ သဖြင့် Browser မတူ ပါက မဲ ထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ် ရှင့်.....)
အဲဒါကတော့ မော်ဒယ်လှလှပပရဲ့ မဲဆွယ်ချက်ပါပဲ။
ဒီအစီအစဉ်ကနေ မဲအများဆုံးရရှိသူဟာ အွန်လိုင်းပရိသတ်အကြိုက်ဆုံးဆု ရမယ်
Miss Supranational 2013 သရဖူ ဘယ်သူဆောင်းမယ် ဆိုတာ ရှေ့တပတ် သောကြာနေ့ (စက်တင်ဘာ ၆) မှာ ကြေညာမယ်လို့ သိရပါတယ်။
သရဖူ ရမယ့်သူအတွက် သတ်မှတ်ထားတဲ့ဆုငွေက ဒေါ်လာ သုံးသောင်း လို့ ဆိုပါတယ်။
ဒါ့အပြင်
the first runner-up $10,000
the second runner-up $5,000
the third runner-up $3,000
ဆိုတဲ့ ဆုတွေရယ်၊ ပရိသတ်အနှစ်သက်ဆုံးဆု၊ ရေကူးဝတ်စုံဆု၊ ညနေခင်းဝတ်စုံဆု၊ အကောင်းဆုံး အဝတ်အစားဆုတွေလည်း ပေးပါမယ် တဲ့။
လတ်တလော ပြိုင်ပွဲမှာ အပြိုင်ကြဲနေတဲ့ ခင်ဝင့်ဝါ ဘာဆု ချိတ်မလဲ။ သိပ်မကြာခင် အဖြေသိရပါမယ်။
သူ ပြိုင်ပွဲဝင်နေကြောင်းကို ဒီဘလော့ http://blog.irrawaddy.org/2013/08/blog-post_8721.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
Miss Supranational ပြိုင်ပွဲကို ၂၀၀၉ မှာ အစပြုခဲ့တယ်၊ ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့နိုင်ငံကတော့ ပိုလန်နိုင်ငံပါ။
ကနေ့ခေတ် နိုင်ငံတကာမယ်ပြိုင်ပွဲတွေကို မြန်မာပြည်က အလှမယ်တွေ ဝင်ပြိုင်တာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
မနှစ်က ဂျပန်မှာလုပ်တဲ့ မယ်ပြိုင်ပွဲကြီးတခုကို သွားရောက်ယှဉ်ပြိုင်ခဲ့သူကတော့ နန်းခင်ဇေယျာ ဖြစ်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ဧရာဝတီအယ်ဒီတာချုပ် ရေးသားပြုစုတဲ့စာအုပ် မြန်မာပြည်မှာ ဖြန့်ပြီ
Posted:2013-08-29 17:34:32 UTC+07:00
~
မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ အစပျိုး ၁၉၈၈ ခုနှစ်မှ ယခုထိ နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း နိုင်ငံရေး ဇာတ်ခုံပေါ်က လူပုဂ္ဂိုလ်တွေနဲ့ ဖြစ်ရပ်တွေ အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားတင်ပြထားတဲ့ ကိုအောင်ဇော်ရဲ့ The Face of Resistance: Aung San Suu Kyi and Burma’s Fight for Freedom စာအုပ် ထွက်ရှိလာပါတယ်။
ရန်ကုန်မြို့ Myanmar Book Centre (MBC) မှာ အမေရိကန် ဒေါ်လာ ၁၉ ဒေါ်လာ (ကျပ် ၁၉,၀၀၀ ၀န်းကျင်) နဲ့ သြဂုတ်လ ၂၉ ရက်နေ့မှ စတင် ရောင်းချနေပြီလို့ MBC ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးသန့်သော်ကောင်းက ပြောပါတယ်။
The Face of Resistance စာအုပ်ကို ထိုင်းနိုင်ငံအခြေစိုက် မဲခေါင်စာပေ (Mekong Press) ကနေ မှာယူပြီး မြန်မာနိုင်ငံတွင်းက MBC စာအုပ်ဆိုင်ခွဲတွေမှာ ဖြန့်ဖြူး ရောင်းချသွားမှာ ဖြစ်သလို ဟိုတယ်တွေ၊ အခွန်ကင်းလွတ်ခွင့်ရဆိုင် (Duty Free Shop) တွေမှာလည်း ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ရည်စူးထားတဲ့ ဒီစာအုပ်ကို ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူနဲ့ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က သူ့ရဲ့ နှစ်ပေါင်း ၂၀ ကျော် သတင်းသမားဘ၀ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ ရေးသားထားတာပါ။
ကိုအောင်ဇော်ဟာ The New York Times, Foreign Policy, Time Magazine, Asian Wall Street Journal, The Guardian, Bangkok Post နဲ့ The Nation စတဲ့ သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ၊ သုံးသပ်ချက်နဲ့ အယ်ဒီတာ့အာဘော်တွေ ရေးသားခဲ့သူလည်းဖြစ်ပြီး သတင်း အချက်အလက် လွတ်လပ်ခွင့်ကို မြှင့်တင် ဆောင်ရွက်ခဲ့လို့ နယ်သာလန်နိုင်ငံက Prince Clause Fund ဆု ကို ၂၀၁၀ တွင် ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ကိုအောင်ဇော်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ ပထမဆုံးစာအုပ် ဖြစ်တဲ့ ဒီခေတ်ပြိုင် နိုင်ငံရေး သုံးသပ်ချက်စာအုပ်မှာ The Lady, The Comrades, The Unfinished Struggle ဆိုပြီး အဓိက အခန်းကြီး ၃ ခန်း ပါဝင်ပါတယ်။
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် အပြန်ခရီးနဲ့ အတူ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ပါဝင်လာပုံ၊ သူ့ရဲ့ ဆယ်စုနှစ် ၂ ခုကြာ နေအိမ် အကျယ်ချုပ်နေခဲ့ရတဲ့ ဘ၀ အကြောင်းတွေကို The Lady အခန်းမှာ ဖတ်နိုင်မှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးမှာတော့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ခဲ့ပြီး အနိုင်ရကာ လွှတ်တော်တွင်း ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့အတူ သုံးသပ် တင်ပြချက်တွေ ပါဝင်ပါတယ်။
Silkworm Books က ဒီစာအုပ်ကို မိတ်ဆက်ထားတာမှာတော့ “ယခုအချိန်တွင် မြန်မာနိုင်ငံကို ဦးဆောင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အများစုက လိုလားနေကြသည်။ သို့သော်လည်း မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှ ကွဲပြားနေမှုများကို သူပြန်လည် စုစည်းယူရန် ဖြစ်နိုင်ပါမည်လား။ မြန်မာနိုင်ငံ၏ တော်လှန်သော မျက်နှာစာကို တည်ဆောက်ခဲ့သူများမှာ မည်သူတွေ ဖြစ်သနည်း။ သူတို့ မည်သည့်အတွက် တိုက်ပွဲဝင်ခဲ့ကြပါသနည်း။ ယခုကဲ့သို့ အကွဲကွဲအပြားပြား ဖြစ်နေသော အဖွဲ့များကို တဖွဲ့တည်းဖြစ်အောင် စုစည်းပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် လက်ရှိ စစ်အစိုးရကို မည်သို့ ကျော်ဖြတ်မည်နည်း” လို့ ညွှန်းထားပါတယ်။
The Comrades အခန်းမှာတော့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ကျောင်းသား လှုပ်ရှားမှုကြီးမှာ အထင်ကရ ပါဝင်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ အဲဒီ လှုပ်ရှားမှုတွေအပေါ် သုံးသပ် အကဲဖြတ်ချက်တွေ ရေးသားတင်ပြထားပါတယ်။
ဆယ်စုနှစ် ၂ ခုကျော်ကြာအတွင်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ပုဂ္ဂိုလ်တွေအကြောင်းလည်း ခွဲခြမ်းစိပ်ဖြာထားပြီး အနာဂတ် မျိုးဆက်တွေ အကြောင်းလည်း အကြံပြုရေးသားထားပါတယ်။
နိုင်ငံတခု ပြန်လည် တည်ဆောက်ရေးမှာ မဖြစ်မနေ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ အကြောင်းလည်း ရေးသားဖော်ပြထားသလို သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ အကြောင်းလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ်ဆိုတဲ့ ကာလ ၃ ပါးနဲ့ ချိတ်ဆက် တင်ပြ၊ သုံးသပ်ချက်တွေလည်း ဒီစာအုပ်မှာ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ မိသားစုရဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးအပေါ် ထားရှိတဲ့ သဘောထားတွေနဲ့ လှုပ်ရှားမှုတွေ၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍတွေကိုလည်း သုံးသပ်တင်ပြထားပါတယ်။
နောက်ဆုံး အခန်း The Unfinished Struggle မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ သင်္ကတအဖြစ် နိုင်ငံတကာ သတင်းမီဒီယာတွေကပါ အသိအမှတ်ပြုခြင်း ခံရတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေတွေအပေါ် သုံးသပ် တင်ပြချက်တွေလည်း ဒီစာအုပ်မှာ ဖတ်ရမှာပါ။
မြန်မာ့နိုင်ငံရေး အဓိက အခန်းကဏ္ဍမှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် သမ္မတဖြစ်နိုင်ခြေ ရှိ၊ မရှိ သုံးသပ်ချက်တွေကိုလည်း ဒီစာအုပ်မှာ ပါဝင်ပါတယ်။
စာရေးသူ ကိုအောင်ဇော်ရဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ပြည်ပမှာ သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်နေခဲ့ရင်းက ပြုပြင်ပြောင်းလဲရေး ကနဦးခြေလှမ်းတွေနဲ့ အတူ ပြည်တော်ပြန် အတွေ့အကြုံတွေ၊ အနာဂတ် မျှော်လင့်ချက်တွေကိုလည်း ဒီစာအုပ်က တဆင့် မြင်ရနိုင်ပါတယ်။
မြန်မာ့အရေး ပင်တိုင် ဆောင်းပါးများဖြင့် ဝေဖန်သုံးသပ်လေ့ရှိသူ နာမည်ကြီး သတင်းစာဆရာ ဘာတေးလစ်တနာက “ဤစာအုပ်သည် အမှန်အားဖြင့် မြန်မာနိုင်ငံ၏ အာဏာရှင် စနစ်ကို ခုခံခဲ့ခြင်း၏ မျက်နှာစာကို ဖော်ပြထားခြင်း ဖြစ်သည်။ အလွန် ကောင်းမွန်သည့် အရေးအသား ဖြစ်ပြီး မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေနှင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်သော ဒီမိုကရေစီအရေး အခက်အခဲများကို စိတ်ဝင်စားသူတိုင်း ဖတ်သင့်ပါသည်” လို့ ဖော်ညွှန်းထားပါတယ်။
“The Face of Resistance စာအုပ်ဟာ ခေတ်ပြိုင်မြန်မာ့သမိုင်းကို ခြေရာ ကောက်မိစေမယ့် စာအုပ်ကောင်း တအုပ်လည်း ဖြစ်သလို မြန်မာနိုင်ငံကို နိုင်ငံတကာက ချီးမွမ်းထောမနာပြုမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဟာ လွတ်လပ်မှုနဲ့ ဝေးကွာနေဆဲ ဖြစ်နေသေးတယ်ဆိုတာ တိုတိုရှင်းရှင်းနဲ့ အချိန်မီ သတိပေးထားသော စာအုပ်ဖြစ်ပါတယ်” လို့ မဲခေါင်စာပေရဲ့ စာအုပ်မိတ်ဆက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာတော့ ဒီစာအုပ်ကို University of Washington Press ကနေ ဖြန့်ချိမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ စတင် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
မြန်မာပြည်ကို MoneyGram ရောက်လာပြီ
Posted:2013-08-29 15:30:57 UTC+07:00
~
မြန်မာပြည်ကို မန်နီဂရမ် (MoneyGram) ရောက်လာပါပြီ။
"၁ဝ မိနစ်အတွင်း ငွေအရောက်ပို့ပေးသည်" လို့ MoneyGram က အခုရက်ပိုင်းအတွင်း မီဒီယာမှာ မပြတ် ကြော်ငြာနေပါပြီ။
ငွေအရောက်ပို့ပေးသည် ဆိုတော့ အိမ်မှာ ထိုင်စောင့်နေဖို့ ဆိုလိုခြင်း မဟုတ်ပါဘူး။
"မြန်မာနိုင်ငံရှိ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်များ တည်ရှိရာ နေရာတိုင်းတွင် ၁ဝ မိနစ်အတွင်း ထုတ်ယူနိုင်ပါသည်" လို့ ဒီကနေ့ သတင်းစာကြော်ငြာတခုမှာ ဆိုထားပါတယ်။
အဲဒီကြော်ငြာမှာ ရေးမထားပေမယ့် မန်နီဂရမ် က AGD ဘဏ်နဲ့လည်း တွဲလုပ်နေပါပြီ။
သိပ်မကြာသေးခင်က Western Union မြန်မာပြည် ရောက်လာပါတယ်။
အခုတော့ ပြိုင်ဘက် MoneyGram ရောက်လာပါပြီ။
စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ အမေရိကန်ရောက်နေတဲ့ မြန်မာပြည်သား အများအပြားက အိမ်ကို ငွေပြန်ပို့ကြပါတယ်။
သူတို့ထဲက အတော်များများက Western Union ကို သုံးလာကြသလို အခု အသစ်ပေါ်လာတဲ့ MoneyGram ကိုလည်း သုံးကြမှာ အသေအချာပါပဲ။
Western Union နဲ့ MoneyGram ဘယ်ဟာကို သုံးကြမလဲ။
ဒါကတော့ ငွေပို့သူက ဆုံးဖြတ်ပါလိမ့်မယ်။
ပမာဏ များများပို့ရင် ဘယ်ဟာက ဝန်ဆောင်မှု ပိုယူသလဲ။
နည်းနည်းပို့ရင်ရော ဘယ်ဟာက ဝန်ဆောင်မှု ပိုယူသလဲ။
ဒါတွေကို ပို့သူက စနည်းနာပြီး ဆုံးဖြတ်ပါလိမ့်မယ်။
ဝန်ဆောင်မှု တဒေါ်လာလောက် ကွာတာကို ဂရုမစိုက်ဘူး၊ ငါနေတဲ့အိမ်နား၊ အလုပ်နားမှာ၊ သွားလာတတ်တဲ့လမ်းမှာ Western Union ရှိသလား၊
MoneyGram ရှိသလား ဆိုတာကလည်း သူ့အတွက် အရေးကြီးပါလိမ့်မယ်။
အွန်လိုင်းကနေလုပ်ရတာ ဘယ်ဟာက အဆင်ပြေမလဲ ဆိုတာလည်း သူက ထည့်တွက်ကောင်း ထည့်တွက်မှာပါ။
မြန်မာပြည် နေရာတိုင်းမှာ ထုတ်လို့ ရမယ် မဟုတ်ပါဘူး။
"Our money transfer services will be offered in 10 of Myanmar’s 14 states" လို့ ထုတ်ပြန်ချက်တစောင်မှာ MoneyGram က ဆိုထားပါတယ်။
ပြည်နယ်တိုင်း ဆယ်ခုမှာ ငွေထုတ်နိုင်ပါတယ် တဲ့။ သူတို့တွဲလုပ်နေတဲ့ဘဏ်တွေရဲ့ ဘဏ်ခွဲတွေက ပြည်နယ်တိုင်း ဆယ်ခုမှာပဲ ရှိလို့ ဖြစ်ပါလိမ့်မယ်။MoneyGram ရဲ့ ကြော်ငြာပုံက ခုချိန်အထိ ခပ်ရိုးရိုး ဖြစ်နေပါတယ်။
သူ့ပြိုင်ဘက် Western Union ကတော့ အထက်ကပုံမှာ ပြထားတဲ့အတိုင်း ရွှေတိဂုံဘုရားပုံ၊ သနပ်ခါးလိမ်းပြီးပြုံးနေတဲ့အမျိုးသမီးပုံတို့နဲ့ ဆွဲဆောင်မှုရှိရှိ ကြော်ငြာပါတယ်။
နိုင်ငံတကာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ နာမည်ကြီးတွေ မြန်မာပြည်ရောက်လာပြီ ဆိုတော့ နှစ်ပေါင်းများစွာသုံးလာတဲ့ ဟွန်ဒီသမားတွေကို သိပ်ပြီး အားကိုးကြတော့မယ် မဟုတ်ပါဘူး။
ဟွန်ဒီသမားတွေကို ဆက်ပြီး သုံးသူက သုံးကြမှာပါ။
ဘာကြောင့်လဲ ဆိုတော့ ဟွန်ဒီသမားနဲ့က ဆက်ဆံရင်းစွဲရှိပြီးသား၊ ဘာသာစကားလည်း အခက်အခဲမရှိ၊ ဖောင်လည်း ဖြည့်စရာမလို အစရှိတဲ့ အားသာချက်များလည်း ရှိနေလို့ ဖြစ်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
မြန်မာစစ်တပ်အပေါ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ဘယ်လို သုံးသပ်
Posted:2013-08-29 14:36:07 UTC+07:00
အမေရိကန်ပြည်ထောင်စုက အာရှ ပစိဖိတ်ဒေသအပေါ် မဟာဗျူဟာ ဗဟိုချက်အဖြစ် ပြန်လည် သတ်မှတ်ပြီး ပင်တဂွန် က ဘတ်ဂျက် ပိုသုံးစွဲမယ့်အကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဆက်စပ်ပြီး မြန့်မာ့ရေပိုင်နက် အနီးသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် ကမ်းတက် ရဟတ်ယဉ်တင်သင်္ဘော USS Bonhomme Richard (LHD-6) ပေါ်သို့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိကြီးများ သွားရောက် လည်ပတ်ခဲ့ကြစဉ် (ဓာတ်ပုံ – Myanmar Defence Weapons / Facebook)
အရှေ့တောင်အာရှမှာ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ပင်တဂွန် စစ် ဌာနချုပ်က အမေရိကန် ဒေါ်လာ သန်း ၉၀ သုံးမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေး စစ်တက္ကသိုလ်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချာ့ခ် ဟေဂယ်လ် (Chuck Hagel) က မကြာသေးမီက မိန့်ခွန်း ပြောရင်း ကြေညာခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း၊ အမေရိကန်ရောက်သံတမန်ဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သူရရှိလေ့လာစုဆောင်းထားတဲ့ အချက်တွေ အပေါ် အခြေခံပြီး အခုလို ဧရာဝတီကို ပြောဆိုထားပါတယ်။
အမေရိကန်သည် အာရှ ပစိဖိတ် ဒေသနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာ သိသိသာသာ ပြောင်းလဲ လာပြီးတော့ ဘတ်ဂျက် ပိုသုံးလာသည့်အတွက် မြန်မာတပ်မတော်အနေဖြင့် လိမ်မာပါးနပ်မှု ရှိလျှင် များစွာ အကျိုးရှိနိုင်ပါသည်။
သို့သော် အမေရိကန် အနေဖြင့် စဉ်းစားသည့် အဆင့်သာ ရှိနေပြီး မြန်မာတပ်မတော်အပေါ် ယုံကြည်မှု တည် ဆောက်ဆဲဟု ပြောရပါမည်။
မြန်မာတပ်မတော်အနေဖြင့် တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် ကစားနေသည် ဆိုတာကို အမေရိကန် တို့ ကောင်းကောင်းသိပါသည်။
မြန်မာတပ်မတော် အရာရှိကြီးများအနေဖြင့် လက်ရှိအပြောင်းအလဲအပေါ် အမေရိကန်၏ ထောက်ခံမှုများစွာ ရလာ လိမ့်မည် ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ထင်သလို ဖြစ်မလာသေးသည့် အတွက် နိုင်ငံကြီး (၃) နိုင်ငံကြား ဟိုပြေး ဒီပြေး ပြေးနေရသည့် သဘောဖြစ်ပါ သည်။
ကြားသိရသလောက်တော့ တရုတ်နှင့် ရုရှားက မင်းအောင်လှိုင်ကို Bully လုပ်နေသည်ဟု သိရသည်။
မြန်မာတပ်မတော်သည် ၁၉၈၈ နောက်ပိုင်း ဒေါ်လာ သန်းပေါင်းမျာစွာဖြင့် ၀ယ်ယူခဲ့သည့် စစ်လက်နက် ပစ္စည်းများသည် ရုရှားမှ ဖြစ်ကြပါသည်။
အထူးသဖြင့် ရုရှားမှ မစ် ၂၉ တိုက်လေယာဉ်များ Missiles များ အမြောက်များသည် တန်ဘိုးကြီး
ပေး ၀ယ် ထားသေသာ လက်နက်များ ဖြစ်ပါသည်။
လက်နက်၏ သဘောသဘာဝသည် Spare Parts and Maintenance မရှိလျှင် ဆက်၍ မသုံးစွဲနိုင်ပါ။ ဒါကြောင့် အချက် တချက်အနေဖြင့် စစ်ဗိုလ်ချုပ်များ ရုရှားသို့ မကြာခဏ သွားနေရပါသည်။
မင်းအောင်လှိုင် ကစထမှူးဘ၀က “၀” တွေကို ကြိမ်းခဲ့ဖူးသည်။ အမေရိကန်နဲ့ အဆင်ပြေရင် မင်းတို့ မလွယ်ဘူး ဆိုတဲ့ စကား တလုံး ရှိသည်။
ဒါကို “၀” နဲ့ တရုတ် ကောင်းကောင်း သိသည်။
ဒါကြောင့် တရုတ်က ကေအိုင်အေကို နောက်ပိုင်းမှာ ကျောထောက်နောက်ခံ ပြုလာတာ။
ကေအိုင်အေ အဖွဲ့တွေ U.S လာစဉ် ဘာမှ မရသွားသည့်အတွက် တရုတ် ကို အခြေအနေအရ ပေါင်းသွားရသည့် သဘောပဲ။
လက်ရှိ မြန်မာ့တပ်မတော်ရဲ့ Potential Enemy က တရုတ်ကျောထောက်နောက်ခံပြုထားသည့် တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေပဲ၊ စစ်တပ်အနေဖြင့် တရုတ်ကို ကာကွယ်နိုင်ဖို့ လက်ရှိ ရှိနေသည့် ရုရှား လက်နက်တွေ ဆက်သုံးနိုင်ဖို့ လိုပါသည်။
အမေရိကန်နဲ့ အဆင်ပြေချင်ပေမယ့် ဗိုလ်ချုပ် ခင်ညွှန်အဖွဲ့ ဖြုတ်ခံရပြီးနောက် အမေရိကန် Policy Makers တွေနဲ့ အဆက်အသွယ်တွေ ပြတ်သွားခဲ့တယ်။
ပိုဆိုးတာက နောက်လူတွေကို ဗိုလ်ချုပ်သန်းရွှေက အမေရိကန် မုန်းတီးရေး စိတ်ဓာတ် သွင်းပေးထားတော့ အမေရိကန်တွေ၏ ယုံကြည်မှု ရအောင် တော်တော် လုပ်ရဦးမယ်။
အောင်လင်းထွဋ် ~
ဆက်စပ်သတင်း
အရှေ့တောင်အာရှ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအတွက် အမေရိကန် ဘတ်ဂျက်တိုးမြှင့်
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
"ပြေးစ်"
Posted:2013-08-29 14:36:19 UTC+07:00
လူ့အဖွဲ့အစည်း တခုမှာဖြစ်ဖြစ်၊ အသေးဆုံး အိမ်ထောင်စု တခုမှာဖြစ်ဖြစ် အရာရာကို ဦးဆောင်မှု နေရာမှာ ရှိနေ ကြသူ ခေါင်းဆောင် ဟာ အလွန် အရေးကြီးတဲ့ ပဲ့ကိုင်ရှင်ပါ။
ခေါင်းဆောင်ရဲ့ ညွှန်ကြားမှု၊ အမိန့်တွေ ဟာ နောက်လိုက်တွေအတွက် တိကျ မှန်ကန်ဖို့ အလွန်ပဲ အရေးကြီး ပါတယ်။
နောက်လိုက်တွေရဲ့ ဘ၀အစိပ်အပိုင်း အားလုံး နီးပါးဟာ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တည်မီ နေကြလို့ပါ။ ခေါင်းဆောင်သူရဲ့ အမိန့်၊ ညွှန်ကြားချက်ကို နောက်လိုက်တွေက လိုက်နာ အကောင်အထည်
ဖော်ပြီး လိုရပ်တဲ့ ပန်းတိုင်ကို သွားရောက်ကြရတာပါ။
ဆုံးရှုံးမှု အနည်းဆုံးနဲ့ အောင်မြင်မှုတွေ ရဖို့ ခေါင်းဆောင်ဟာ အဓိက ပါပဲ။ ဒါနဲ့ပတ်သက်ပြီး လက်နက်ကိုင် တပ်ဖွဲ့ထဲက ဆိုစကားတခုက မီးမောင်းထိုးပြနေပါတယ်။
စစ်မြေပြင်မှာ တဖက် ရန်သူနဲ့ ရင်ဆိုင်စစ်ပွဲ ဆင်နွှဲနေရတဲ့ ဒါဇင်နဲ့ ချီတဲ့ စစ်သားတွေကို ဦးဆောင်ဦးရွက်ပြုနေ တဲ့ အရာရှိ တဦးက အမိန့်ပေးလိုက်ပါတယ်။
အရာရှိကလည်း စစ်မြေပြင် အခြေအနေကို ပစ် လို့ အမိန့်ပေးရမလား၊ ပြေး လို့ အမိန့်ပေးရမလား ဝေခွဲ မရ ဖြစ်နေပြီး သူ အမိန့်ပေးဖြစ် လိုက်တာက “ပြေးစ်” တဲ့။
အရာရှိရဲ့ အမိန့်ပေးသံဟာ “ပစ်” ဆိုတဲ့ အမိန့်လည်း မဟုတ်၊ “ပြေး” ဆိုတဲ့ အမိန့်လည်း မဟုတ်၊ အဲဒီ “ပစ်” နဲ့ “ပြေး” ကြားထဲ က အသံတခုဖြစ်တဲ့ “ ပြေးစ်” လို့ အော်လိုက်တာပါ။
ဒီတော့ နောက်ပါ ရဲဘော်တွေက ပစ်တဲ့သူက ပစ်၊ ပြေးတဲ့ သူက ပြေး နဲ့ ဖြစ်ကုန်ပါရော။ သေ သူ သေ၊ ပြေးသူ ပြေး နဲ့ တပ်ပျက်ရတဲ့ ကိန်း ဆိုက်ပါတော့တယ်။
ဒါကြောင့် အဖွဲ့အစည်းတခု၊ မိသားစု၊ လူ့အဖွဲ့အစည်းတခု စတဲ့ အများကို ကိုယ်စားပြုတဲ့ ဦးဆောင်မှုအခန်း ကဏ္ဍှမှာ တာဝန်ယူထားသူ ခေါင်းဆောင်ဟာ တိကျ ခိုင်မာတဲ့ အမိန့် ပေးတတ်ဖို့ အလွန် အရေးကြီး ပါကြောင်း။
လင်းသန့် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ဧရာဝတီမှာ ကြော်ငြာတဲ့ တယ်လီနောမြန်မာ
Posted:2013-08-29 03:30:02 UTC+07:00
~
တယ်လီနောမြန်မာက သူ့နာမည်၊ သူ့အမှတ်အသားကို လူသိများအောင် လုပ်နေပါပြီ။
တယ်လီနောတံဆိပ်ကြီးကြီးနဲ့ အလုပ်ခေါ်စာကြော်ငြာတွေ ဆိုရင် သတင်းစာများ၊ ဂျာနယ်များမှာ မျက်နှာပြည့် တွေ့ရမှာပါ။
ဧရာဝတီမှာလည်း တယ်လီနောမြန်မာက ကြော်ငြာပါတယ်။
ဧရာဝတီ မြန်မာပိုင်း နဲ့ အင်္ဂလိပ်ပိုင်းစာမျက်နှာ ထိပ်ဆုံးမှာ ပေါ်လာမယ့် ကြော်ငြာများထဲ တယ်လီနောမြန်မာကိုလည်း တွေ့ရမှာပါ။ ဒီလကုန်တဲ့အထိ အဲဒီကြော်ငြာ အဲဒီနေရာမှာ ရှိနေမှာပါ။
တယ်လီနောက ဧရာဝတီကို တိုက်ရိုက် ဆက်သွယ်ပြီး ကြော်ငြာခြင်း မဟုတ်ပါဘူး။ လုပ်ငန်းရှင်များရဲ့ ထုံးစံအတိုင်း ကြော်ငြာခြင်းကိစ္စ အဝဝကို ကြော်ငြာကုမ္ပဏီများထံ အာဏာကုန် လွှဲအပ်ထားတာပါ။
ဒီဘန်နာက ကြော်ငြာကုမ္ပဏီဆီကနေ ဧရာဝတီဆီကို ရောက်လာတာပါ။
ဒါဟာ အမှန်တကယ် ထိရောက်တဲ့ ကြော်ငြာနည်းတမျိုးလို့ ဆိုရပါမယ်။
ဧရာဝတီပင်မစာမျက်နှာများကို မြန်မာပြည်အရပ်ရပ်ကနေ ဖတ်ကြတယ် ဆိုတော့ တယ်လီနောမြန်မာကို စာဖတ်သူ အများအပြားက အကြိမ်ကြိမ် မြင်နေကြပြီပေါ့။
အခုမှ မြန်မာပြည်ကို ဝင်တိုးတဲ့ ပြည်ပကုမ္ပဏီဖြစ်တဲ့အတွက် သူတို့တံဆိပ် ပေါက်အောင် ကြော်ငြာခ တော်တော်လေး သုံးမယ်လို့ ယူဆရပါတယ်။
တယ်လီနောလိုပဲ ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်လိုင်စင်ရဖို့ သေချာနေတဲ့
ပြည်ပကုမ္ပဏီနောက်တခုက အော်ရီဒူးမြန်မာ ဖြစ်ပါတယ်။ သူကတော့ ဧရာဝတီမှာ ကြော်ငြာ မပါသေးပါဘူး။
သူလည်း ကြော်ငြာလုပ်ငန်းအတွက် ဘတ်ဂျက် အတော်များများ သုံးမယ်လို့ ယူဆရပါတယ်။
လာမယ့်နှစ်ထဲ မြန်မာပြည်သူများကို ဆင်မ်ကတ် အပြိုင်အဆိုင် ရောင်းကြမယ့်သူတွေဖြစ်တဲ့အတွက် ခုကတည်းက သူတို့တံဆိပ် လူပိုသိအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ဂျပန်ပြည်က ကိုရီးယားများ
Posted:2013-08-29 02:30:00 UTC+07:00
~
ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာက ဆောင်းပါးတပုဒ် တော်တော်လေး စိတ်ဝင်စားစရာပါ။
ဂျပန်မှာနေထိုင်တဲ့ ကိုရီးယားလူမျိုးများအကြောင်း ရေးထားတာပါ။
မြောက်ကိုရီးယားနဲ့သဟဇာတ မဖြစ်တဲ့ ဂျပန်အစိုးရက သူတို့ဆီမှာရှိတဲ့ ကိုရီးယားစာသင်ကျောင်းတွေကို ဘတ်ဂျက်ဖြတ်နေပုံနဲ့ ဆောင်းပါးကို အစချီထားပါတယ်။
ဂျပန်ကလာတဲ့ ကိုရီးယား တက္ကသိုလ်ကျောင်းသူကျောင်းသားများ။
သူတို့က မြောက်ကိုရီးယားခေါင်းဆောင်ကြီးများဖြစ်တဲ့ ကင်အီဆွန်း၊ ကင်ဂျုံအီးတို့ရဲ့အထိမ်းအမှတ်နေရာတွေမှာ ဂါရဝလာပြုသူတွေဖြစ်ပါတယ် တဲ့။ ဒီပုံကို မြောက်ကိုရီးယားအစိုးရသတင်းဌာန Korean Central News Agency က ထုတ်ပြန်တယ်လို့ ဆိုတယ် (Photo: Reuters)
ဒုတိယကမ္ဘာစစ်မတိုင်ခင်ကဆိုရင် ကိုရီယားကျွန်းဆွယ်ဟာ ဂျပန်ရဲ့ လက်အောက်ခံပါ။
ဒါကြောင့်လည်း ဂျပန်မှာ ကိုရီးယားအများအပြား ရောက်နေတာဖြစ်ပါတယ်။
ဆောင်းပါးထဲမှာပါတဲ့ Hwang ဆိုတဲ့ ကလေးမက ကျောင်းပျော်။
အတန်းဖော်တွေနဲ့ ကိုရီးယားလို ပြောနိုင်တယ်၊ ကိုရီးယားယဉ်ကျေးမှု သင်ယူနိုင်တယ်ပေါ့လေ။
ကျောင်းမှာမို့ ဒီလို နေထိုင်နိုင်တာလို့ ဆိုတယ်။ ဒါပေါ့၊ သူရောက်နေတာ ဂျပန်ပြည်ဆိုတော့ ကိုရီးယားရနံ့ရဖို့ ကိုရီးယားတွေစုဝေးတဲ့နေရာကို သွားရမှာပဲ။
နိုင်ငံတခုမှာ လူနည်းစုဖြစ်ရတဲ့ထုံးစံအတိုင်း ခွဲခြားကန့်သတ် ဆက်ဆံတာမျိုးတွေကို Hwang တို့လည်း ကြုံရတယ်၊ ကိုရီးယားကျောင်းတွေဟာ အစွန်းရောက်တွေရဲ့ ပစ်မှတ်ထားစရာ ဖြစ်လာတယ်လို့ ဆိုတယ်။ ဒါကြောင့် ကျောင်းယူနီဖောင်းတွေကို ကိုရီးယားရိုးရာဝတ်စုံနဲ့တူအောင်ချုပ်မဝတ်တော့တာ နှစ်အတော်ကြာပါပြီ၊ ဒါမှ စော်ကားမော်ကားလုပ်တာတွေ၊ ခြိမ်းခြောက်တာတွေကနေ ရှောင်နိုင်မယ် ဆိုပါစို့။
Japan Turns Up Pressure on Pro-Pyongyang Schools
http://www.irrawaddy.org/archives/42790
ရှိတဲ့ ကိုရီးယားကျောင်းတွေက တက္ကသိုလ် ၁ ခု၊ အထက်တန်းကျောင်း ၁ဝ ကျောင်း၊ ပြီးတော့ ... တခြားကျောင်း ၇၃ ကျောင်း ဖြစ်ပါတယ်။ ကျောင်းရဲ့ ဝင်ငွေက ကျောင်းလခ၊ ကိုရီးယားအသိုင်းအဝိုင်းရဲ့ ထည့်ဝင်မှုကနေ ရတယ်၊ မြောက်ကိုရီးယားအစိုးရဆီကလည်း ရတယ်လို့ ဆိုတယ်။
သို့သော်လည်း မြောက်ကိုရီးယားကိုယ်တိုင်က ဘဝပျက်နေတာပါ။ ဘဝသိပ်မပျက်ခင် ၁၉၇ဝ ကာလတွေတုန်းကတော့ ဒေါ်လာသန်း ၃ဝ လောက် နှစ်စဉ်ထောက်တယ်လို့ ဆိုတယ်။ ခုတော့ ၂ သန်းလောက်ပဲ ထောက်နိုင်တော့တာပါ။
(မြောက်ကိုရီယား မြို့တော် ပြုံယမ်း နဲ့ ဂျပန်ရဲ့ အနေအထားကို မြေပုံမှာ အခုလို တွေ့ရပါမယ်။)
အထက်တန်းကျောင်းပြီးတော့မယ် ဆိုရင် ကျောင်းအစီအစဉ်နဲ့ မြောက်ကိုရီးယား သွားကြပါတယ်။ ဒါဟာ သူတို့အတွက် မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် ခြေချခြင်းပါပဲ။ သူတို့ဟာ ဂျပန်ရောက် ကိုရီးယားတွေထဲက မျိုးဆက်လေးငါးဆက်မြောက်တွေပါ။
သူတို့ထဲမှာ ဂျပန်နိုင်ငံသားခံယူထားသူတွေ ပါမယ်၊ တောင်ကိုရီးယားပတ်စ်ပို့ ကိုင်ထားသူတွေ ရှိမယ်။ ဘာပတ်စ်ပို့မှ ကိုင်မထားသူလည်း ရှိပါတယ် တဲ့။
ဘာကြောင့်များလဲ။
သူတို့မိသားစုတွေဟာ ကိုရီးယား တောင်မြောက် မကွဲခင်ကတည်းက ဂျပန်ရောက်နေကြလို့ပါပဲ။
ဒါဆို သူတို့ ဘိုးဘေးဘီဘင်ရဲ့ဇာစ်မြစ်ဟာ မြောက်ဘက်ကလည်း ဖြစ်နိုင်သလို တောင်ဘက်ကလည်း ဖြစ်နိုင်ပါတယ်။
ကွဲခါစမှာတော့ မြောက်က ဂျပန်မှာရှိတဲ့ကျောင်းတွေကို ထောက်ပံ့ရာမှာလည်း သွက်လက်၊ စီးပွားရေးဖွံ့ဖြိုးမယ့်အလားအလာလည်းရှိ၊ ဆိုရှယ်လစ်လောကနိဗာန်ကိုလည်း အောင်မြင်စွာ ထူထောင်နိုင်ဟန်ရှိတာကြောင့် ကိုရီးယားအများအပြားက မြောက်ကို အချစ်ပိုခဲ့ကြတယ်လို့ ဆောင်းပါးက ဆိုတယ်။
မိုက်လုံးကြီးတဲ့ မြောက်ကိုရီးယားအစိုးရအဆက်ဆက်ကြောင့် နိုင်ငံချွတ်ခြုံကျပေမယ့် သူတို့ လွယ်လွယ်နဲ့ အချစ်မပြယ်ခဲ့ကြဘူး။
တောင်နဲ့ မဟာမိတ်ပြုတာ ၄ ကျောင်းပဲရှိတယ်ဆိုတော့ အခြေအနေကို ခန့်မှန်းနိုင်ပြီပေါ့။
အဲဒီ ၄ ကျောင်းကို ဂျပန်အစိုးရက အကူအညီ မဖြတ်ပါဘူး တဲ့။
ကျောင်းတွေက မြောက်နဲ့ ပိုရင်းနှီးပေမယ့်လည်း ပြဋ္ဌာန်းစာအုပ်တွေကိုတော့ ကိုယ်တိုင် စီစဉ်တယ်လို့ ဆိုတယ်။ မြောက်ကကျောင်းတွေအတိုင်း မသင်ဘူး တဲ့။ (သင်လို့ ဘယ်ဖြစ်မလဲ၊ မြောက်ရဲ့ သင်ရိုးညွှန်းတမ်းက တပ်မတော်သည်သာအမိ တပ်မတော်သည်သာအဖ ဆိုတဲ့ စတိုင်မျိုးဆို ဂွမ်းပြီ)
ထူးခြားတာ တခုက ကျောင်းစာသင်ခန်းတွေမှာ မြောက်ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံတွေ ချိတ်ခဲ့ဖူးတယ်၊ အဲဒါတွေ ဖြုတ်လိုက်တာ ဆယ်နှစ်ကျော်ပါပြီ ဆိုတာပါပဲ။
ဘာကြောင့်ဖြုတ်သလဲ ဆိုတော့ ...
၁။ ကလေးတွေ လူငယ်တွေကို ဒီဓာတ်ပုံတွေကြည့်ခိုင်းတာ (ချိတ်ပြတာ) မသင့်တော်ဘူး
၂။ မိဘတွေကလည်း မြောက်ခေါင်းဆောင်တွေကို မထောက်ခံဘူး
ဒါကြောင့်ပါ။
ဂျပန်အစိုးရ လန့်နေတဲ့အချက်တခု ရှိတယ်၊ အဲဒါကတော့ ဒီကျောင်းတွေက ဂျပန်ရောက်ကိုရီးယားနွယ်ဖွားများအသင်းကြီးနဲ့ ဆက်ဆံရေးရှိနေတဲ့အချက်ပါ။ အသင်းကြီးက မြောက်ကို အပြတ်အသတ်ထောက်ခံ၊ ကူညီပါတယ်။
ကျောင်းတွေအကြောင်း ဆက်ပြောရရင် ...
ဂျပန်အစိုးရက သူ့နိုင်ငံထဲက ကိုရီးယားကျောင်းတွေကို ဂျပန်ကျောင်းအဖြစ် ပြောင်းစေချင်ပါတယ်။
ဂျပန်မှာနေထိုင်ကြတယ်ဆိုရင် ဂျပန်ဖြစ်ရမယ်ဆိုတဲ့သဘောပါ။
ကိုရီးယားကျောင်းတွေအပေါ် လက်ကောက်ကျတာနဲ့ပတ်သက်ပြီး ကုလ လူ့အခွင့်အရေး ကော်မရှင်က မေးခွန်းထုတ်သလို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း လူနည်းစုတိုင်းရင်းသားတွေရဲ့ ပညာသင်ကြားရေးကို ကန့်သတ်တာပဲ စသဖြင့် ဝေဖန်ပါတယ်။
ဂျပန်အစိုးရဖိအားမပေးဘူး ဆိုရင်တောင်မှ ကျောင်းတွေကလည်း ရုန်းကန်နေရတာပါပဲ။ ကျောင်းလာအပ်တာ တနှစ်ထက်တနှစ် ပိုနည်းနည်းလာကြတယ်၊ ဘာကြောင့်လဲဆို ...
- မြောက်အစိုးရနဲ့ ဂျပန်အစိုးရ ဆက်ဆံရေးမကောင်း၊
- ဂျပန်ကျောင်းတွေမှာပညာသင်ပါမှ အလုပ်အကိုင်ကောင်းကောင်းရတာမို့ပါ။
ဂျပန်မှာ ကိုရီးယားအရေအတွက် ငါးသိန်းကျော်ရှိမယ်လို့ ဆိုတယ်။ အဲဒီထဲက အနည်းငယ်ကပဲ သူတို့ကလေးတွေကို ကိုရီးယားကျောင်းပို့ကြတာပါ။
ဆောင်းပါးကို မိခင်တယောက်ရဲ့ အသံနဲ့ အဆုံးသတ်ပါတယ်။
“ကိုရီးယားဖြစ်ရတာနဲ့ပဲ သိမ်ငယ်မနေပါဘူး။ ကျမရဲ့ကလေးများကိုလည်း သိမ်ငယ်စိတ် မထားစေချင်ဘူး။ သူတို့ကို ကိုရီးယားသူငယ်ချင်းတွေ ရှိစေချင်တယ်။ ကိုယ့်ရဲ့ဇာစ်မြစ် ဘာလဲဆိုတာ သိစေချင်တယ်။ These schools areဲ about our identity, not about politics - ဒီကျောင်းတွေဖွင့်ထားတာ နိုင်ငံရေးအတွက် မဟုတ်ပါဘူး။ ဒီကျောင်းတွေဟာ ကျမတို့ရဲ့ သင်္ကေတပါ”
ဖတ်သင့်တဲ့ ဆောင်းပါးတပုဒ်ပါပဲ။
စားစရာကောင်းကောင်း စားရရင် မိတ်ဆွေများကိုလည်း စားစေချင်သလိုမျိုး ဖတ်လို့ကောင်းတာ တွေ့ရင် မိတ်ဆွေများကိုလည်း ဖတ်စေချင်လို့ အကျဉ်းချုပ် ပြန်ရေးပြတာဖြစ်ပါတယ်။
မူရင်းကို ဖတ်လိုသူများ http://www.irrawaddy.org/archives/42790 မှာ ဖတ်နိုင်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
အင်ဒိုနီးရှားမှာ မယ်ပြိုင်ပွဲကို ဆန့်ကျင်ကန့်ကွက်
Posted:2013-08-29 02:00:03 UTC+07:00
~
အမျိုးသမီးတွေရဲ့အသားအရေကို လှစ်ဟပြတဲ့ မယ်ကမ္ဘာပြိုင်ပွဲဟာ မူဆလင်တွေရဲ့အဆုံးအမနဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါကြောင့် ကျင်းပဖို့ ပြင်နေတဲ့ မယ်ကမ္ဘာပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဘာသာရေးအဖွဲ့တခုက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားတယ်လို့ အရာရှိတဦးက တနင်္လာနေ့မှာ ပြောပါတယ်။
၂၀၀၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ West Sumatra ခရိုင်၊ Padan မြို့က အထက်တန်းကျောင်း ကျောင်းသူများ အိမ်ပြန်ဖို့ ကားစောင့်နေပုံ (photo - Reuters)
Indonesian Ulema Council လို့ ခေါ်တဲ့ အဲဒီအဖွဲ့ဟာ အင်ဒိုနီးရှားမှာ သြဇာအရှိဆုံး အစ္စလမ်မစ်အဖွဲ့များထဲက တဖွဲ့ဖြစ်ပါတယ် တဲ့။
ပြိုင်ပွဲစီစဉ်သူများက ဘီကီနီကဏ္ဍ ဖြုတ်ပေးမယ်၊ အဲဒီအစား လုံချည်ဝတ်ကဏ္ဍ အစားထိုးပါ့မယ်လို့ သဘောတူလိုက်တဲ့ကြားထဲက ဒီလို သဘောမတူမှုတွေ ပေါ်ပေါက်လာတာပါ။
အင်ဒိုက ဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာကို ဆန္ဒပြကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင်တွေက ဒီလဆန်းပိုင်းမှာ အစည်းအဝေးလုပ်တယ်လို့ အဖွဲ့ဥက္ကဋ္ဌ Amidan Shaberah က ပြောပါတယ်။
“ကျုပ်တို့ ဆိုချင်တာက ရှင်းပါတယ်၊ ကမ္ဘာ့မယ်ပြိုင်ပွဲကို အင်ဒိုက အိမ်ရှင်လုပ်မှာကို ကျုပ်တို့ လက်မခံဘူး။ ပြိုင်ပွဲမှာ သူတို့ အသားအရေကို ဖော်ပြတာဟာ အစ္စလမ်မစ်အဆုံးအမနဲ့ မကိုက်ညီဘူး”
ဒီအဖွဲ့က ခါတိုင်းလည်း ဆေးလိပ်သောက်ခြင်း၊ ယောဂလေ့ကျင့်ခြင်းတို့ကို ဟန့်တားခဲ့ဖူးပါတယ်။
ဒီလို အငြင်းပွားဖွယ်ဟန့်တားချက်တွေဟာ ဥပဒေကဲ့သို့အာဏာမတည်ပေမယ့်လည်း မလိုက်နာရင် အပြစ်ဖြစ်မယ်လို့ ယူဆသူ အများအပြားက လိုက်နာခဲ့ကြပါတယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ တင်ထားတဲ့ သတင်းတပုဒ် ဖြစ်တဲ့ Indonesian Clerics Call for Ban of Miss World http://www.irrawaddy.org/archives/42864 ကို အနည်းအကျဉ်း ပြန်ရေးပြတာပါ။
အပြည့်အစုံကို အဲဒီမှာ ဖတ်နိုင်ပါတယ်။
အစိုးရကတော့ စီစဉ်ထားတဲ့အတိုင်း အလှမယ်ပြိုင်ပွဲကို ဆက်လုပ်မယ့်သဘောရှိပါတယ်။
ပြိုင်ပွဲမှာ ဘီကီနီ ၀တ်ကြမယ် မဟုတ်ဘူးလို့ သိရပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ပွဲဆူစေခဲ့တဲ့ အဆိုတော် မိုင်လေ ဆိုင်းရပ်စ်
Posted:2013-08-29 14:36:35 UTC+07:00
အခုတလော ကမ္ဘာ့သတင်းလောကမှာ အားလုံးကို ကျော်တက်သွားတာကတော့ အဆိုတော် မိုင်လေ ဆိုင်ရပ်စ် ရဲ့ MTV 2013 Music Award ပွဲမှာ ဖျော်ဖြေတင်ဆက်မှုပါဘဲ။
သတင်းလောကကို ပွဲဆူစေခဲ့တဲ့ မိုင်လေဆိုင်ရပ်စ် ၊ ဓာတ်ပုံ- theguardian
ကမ္ဘာ့မီဒီယာတွေကလည်း သူ့အကြောင်းပဲ ပြောကြ ဆိုကြ ဝေဖန်ကြနဲ့ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေ တာပါ။
သိပ်ဟော့ ပါတယ်ဆိုတဲ့ လေဒီဂါဂါ ကိုလည်း ကျော်ခွ သွားပါပြီ။ ဒီလောက် ကမ္ဘာကျော်ဖြစ်သွားအောင် ဖျော်ဖြေခဲ့တဲ့ ကလေး သရုပ်ဆောင်ဟောင်း မိုင်လေ ဆိုင်းရပ်စ် ဘယ်လို ဖျော်ဖြေတင်ဆက်ခဲ့လို့ပါလဲ။
ပရိသတ်တွေအတွက် ယူကျုပေါ် က သူ့ရဲ့ ဖျော်ဖြေမှုကို ပြန်လည် မျှဝေလိုက်ပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ဆီးရီးယားကို အမေရိကန်က မကြာခင် ၀င်တိုက်ဖွယ်ရှိ
Posted:2013-08-29 00:14:54 UTC+07:00
ဒီနေ့အတွက် ကမ္ဘာ့သတင်းတွေမှာ ရှေ့ဆုံးက နေရာယူထားတာကတော့ ဆီးရီးယား အရေးပါဘဲ။ ဆီးရီးယား နိုင်ငံကို အမေရိကန်က နာရီအနည်းငယ် အတွင်း တိုက်ခိုက်ဖွယ် ရှိနေပါတယ်။
ဓာတ်ပုံ- globalresearch.ca
အမေရိကန်ဟာ ဆီးရီးယားကို အချက် ၅ ချက်ကြောင့် ဝင်တိုက်ရပါတော့မယ် လို့ အမေရိကန် အခြေစိုက် CNN သတင်းတပုဒ်က ဆိုပါတယ်။
၁။ ကမ္ဘာပေါ်က အခြား အာဏာရှင်တွေလည်း အခုအခင်အကျင်းကို စောင့်ကြည့်နေကြတာ
၂။ ဓာတုလက်နက်တွေနဲ့ အနာဂတ် စစ်မြေပြင်တွေမှာ အသုံးပြုလာနိုင်
၃။ ဆီးရီးယားပြည်တွင်းစစ်ဟာ ပိုပို ပျံ့နှံ့လာပြီး အခြေအနေတွေကို ပိုဆိုးလာနေတာ
၎။ စစ်ရေးအရ အရေးမယူခဲ့ရင် ဆီးရီးယား သမ္မတ အာဆတ်နဲ့ သူ့မဟာမိတ်တွေ အောင်ပွဲခံလာကြမယ် ၅။ အလွန်စက်ဆုပ်မုန်းတီးဖွယ်ကောင်းတဲ့ အခုလို ၀မ်းနည်းကြေကွဲစရာတွေကို မျိုးဆက်သစ်တခုကတော့ ဆက်ပြီး သတိရနေလိမ့်မယ် ဆိုတဲ့ အမေရိကန်ဘက်က အကြောင်းပြချက် ၅ ချက်ပါ။
ဆိုလိုတာက သမ္မတ အိုဘားမားကတော့ ကမ္ဘာပေါ်က အာဏာရှင်တွေ နောက်နောင် ဓာတု လက်နက် မသုံး ရေး စဉ်းစားချက်ကို အလေးထားနေပါပြီ။
ကုလ သမဂ္ဂရဲ့ ဆီးရီးယားက ဓာတုလက်နက်သုံး၊ မသုံး စုံစမ်းရေး အရာရှိကတော့ ကနဦး အာဆတ်အစိုးရ သုံးတဲ့ လက္ခဏာမတွေ့ရဘူးပြောပေမယ့် ဓာတုလက်နက်အခင်းဖြစ်နေရာကို မရောက်နိုင်သေးပါဘူး။ ဒါပေမယ့် အာဆတ်ရဲ့ ညီဖြစ်သူက ဓာတုလက်နက်နဲ့ ဖြိုခွင်းဖို့ အမိန့်ပေးခဲ့တယ်လို့တော့ သံသယဖြစ်တယ် ဆိုတဲ့ သတင်းတွေနဲ့အတူ အမေရိကန်ကတော့ ဆီးရီးယား အစိုးရဟာ ဓာတုလက်နက်အသုံးပြုခဲ့တာဟာ အခိုင်အမာဖြစ်တယ်လို့ ဆိုထားတာပါ။
ဒါကြောင့်လည်း ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်ပြီးဖြစ်လို့ အမေရိကန်နဲ့ အတူ ဗြိတိန်၊ ပြင်သစ် စ တဲ့ မဟာမိတ်နိုင်ငံတွေက ဆီးရီးယား ရေပိုင်နက်အပါအ၀င် ဆီးရီးယားရဲ့ အရေးပါတဲ့ စစ်ဘက်ပစ်မှတ်တွေ ကို အချိန်တိုတွင်းတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေက ပြောထားပါတယ်။
ရုရှားကဆို အမေရိကန်တွေ ဆီးရီးယားကို စစ်ရေးအရ ၀င်တိုက်မယ်ဆိုရင် မလွယ်ကူတဲ့အကြောင်း ထောက်ပြ ပြီး အီရန်ကတော့ အလွန်အန္တရာယ် များတဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောတယ်။
အမေရိကန် စစ်ဘက် အကြီးတန်း အရာရှိတွေကတော့ ဆီးရီးယားကို ဆင်နွှဲမယ့်စစ်ရေးအရ အရေးယူမှု ဟာ အချိန်တို လေးအတွင်း အပြီးသတ်သွားမှာလို့ ပြောကြပါတယ်။
တဖက်မှာလည်း အီရန်အနေနဲ့ သမ္မတ အာဆတ်အလွန် ဆီးရီးယားနဲ့ပတ်သက်တဲ့ အရံအစီအစဉ်တခု လည်း ရှိနေပုံရ ပါတယ်။
အမေရိကန်က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူမှု ရယူပြီးမှ ဆီးရီးယားကို စစ်ရေးအရ အရေး ယူမှာလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်ဘက်က ဘယ်လိုမှ မှတ်ချက်ပေးထားမှု မရှိပါဘူး။
လုံခြုံရေး ကောင်စီမှာလည်း ထုံးစံအတိုင်း ရုရှားတို့၊ တရုတ်တို့က ဆီးရီးယားဘက်က ရပ်တည်ပြီး စစ်ရေး အရ အရေးမယူဖို့ ကန့်ကွက်နေကြတာပါ။
ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ကုလစုံစမ်းရေးမှူးတွေရဲ့ ဆီးရီးယားဟာ ဓာတု လက်နက်သုံး၊ မသုံး ခိုင်မာတဲ့ နောက်ဆုံး တွေ့ရှိချက် ရတဲ့ အထိ ခဏစောင့်ပေးဖို့ တိုက်တွန်း ထားပါ တယ်။
ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန်ဘက်ကတော့ ဗြိတိန်၊ ပြင်သစ်က အခိုင်အမာ ရပ်ပြ နေပါတယ်။ သူတို့ကလည်း ဆီးရီးယားကို စစ်ရေးအရ အေ၇းယူမယ်ဆိုရင် အဆင်သင့်ဖြစ်ကြောင်း ပြော ထားပြီး ဖြစ်ပါတယ်။
ဆီးရီးယားကို အမေရိကန်က စတင် ၀င်ရောက်တိုက်ခိုက်တာနဲ့ ဆီးရီးယားကလည်း အစ္စရေးကို ပစ်မှတ် ထား တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက် အစ္စရေးကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားပြီး သားပါ။
အမေရိကန်ဟာ တချိန်က အီရတ်၊ အာဖဂန် စတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့စဉ်ကလည်း လက်ဦးမှု ရယူတဲ့ မဟာဗျူဟာ ကို ကျင့်သုံးပြီး လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှုဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းခဲ့ပါဘူး။
ထူးခြားတာက သမ္မတ အိုဘားမားဟာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်းဖြစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဖြစ် ဆိုတော့ ဆီးရီးယားအရေး ကိုင်တွယ်မယ့် နေရာမှာ အလွန်အကန့်အသတ်ရှိတဲ့ စစ်ရေးအရ အရေးယူ မယ့် ပုံစံ မျိုး အချိန်အလုံ အလောက်ယူနေတာ သတိထားမိပါတယ်။
အခြေအနေက စက္ကန့်တံများ တချက်ချက် မြည်သံနဲ့အတူ သမ္မတ အာဆတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေး မယ့် အချိန်ရောက်လာနေပါပြီ။
တကယ်တော့ အမေရိကန်ဟာ တချိန်က သူထောက်ခံအားပေးခဲ့သူတွေနဲ့ ပြန်လည် စစ်ခင်းရလို ဖြစ်နေပြီး တချိန်က ရန်သူတော်များဘက်က ရပ်တည်ပေးတဲ့ လက္ခဏာလည်း ဖြစ်နေသလိုပါ။
Znet မှာ ဝေဖန်ရေးသမား မစ္စတာ ရောဘတ် ဖစ်ခ် ( Robert Fisk) ကတော့ ဆီးရီးယား အစိုးရကို တိုက် ရင် အမေရိကန်ဟာ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အယ်လ် ကေးဒါးတွေ ဘက်က နေပေးသလို ဖြစ် သွားလိမ့်မယ် ဆိုတာ အိုဘာမား သိသလား လို့ ထောက်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နောက်ထပ် အချိုးအကွေ့ ဖြစ်စေမယ့် ဆီးရီးယား အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ စစ်ရေးအရ အရေးယူဖို့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အချိန်စက္ကန့်တွေက တရွေ့ရွေ့။
လင်းသန့် ~
"၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး"
Posted:2013-08-28 17:47:44 UTC+07:00
~
ရန်ကုန်မြို့တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် GSM မိုဘိုင်းလ်ဖုန်းများ၊ ကြိုးဖုန်းများ ပြတ်တောက်နေကြောင်း သိရသည်။
တနင်္လာနေ့က ရန်ကုန်မြို့ အနော်ရထာလမ်းတနေရာမှာ တွေ့ရတဲ့ လမ်းဘေးဖုန်း (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
ယမန်နေ့မှ စတင်ပြီး ရန်ကုန်မြို့လယ် မောင်ထော်လေး ဆက်သွယ်ရေး အိတ်ချိန်းတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်နေကြောင်း၊ ယင်းချို့ယွင်းမှုကြောင့် ၀၁-၃၈ နံပါတ်နှင့် စသော ဖုန်းများ အသုံးပြု၍ မရကြောင်း၊ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း အများစု မှာလည်း ခေါ်ဆိုမရခြင်း ဖြစ်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းဌာန အရာရှိတဦးထံမှ သိရှိရသည်။
"မနေ့ကတည်းက မောင်ထော်လေးအိတ်ချိန်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တွေဖြစ်ပါတယ်။ ၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး။ GSM ဖုန်းတွေ တော်တော်များများလည်း ခေါ်ဆိုလို့မရဘူး။ တတ်နိုင်သမျှတော့ ပြင်နေတယ်။ အများပြည်သူကိုတော့ အသိပေးချက် ထုတ်တာတွေ မလုပ်ထားပါဘူး။ အသေးစိတ်ကတော့ အင်ဂျင်နီယာဌာနကို မေးမှ သိမယ်" ဟု အော်တိုတယ်လီဖုန်းဌာန၊ ဒုတိယအင်ဂျင်နီယာချုပ်ရုံးခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ဖြူထိပ်ထား လို့ ခေါ်ပါ
Posted:2013-08-28 13:52:49 UTC+07:00
~
ရတနာဖြူဖြူအောင် နာမည်ပြောင်းလိုက်ပါပြီ။
သူ့ကို ဖြူထိပ်ထား လို့ ခေါ်ပါ တဲ့။
နာမည်သစ်က ၅ဝ% ပိုပြီးတိုသွားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ နာမည်ဟောင်းနဲ့တုန်းက နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့ ကြော်ငြာခဲ့ပါသေးတယ်။
နေတိုး၊ သက်မွန်မြင့်တို့နဲ့အတူတူ သရုပ်ဆောင်မှာပါ။
(သက်မွန်မြင့်၊ နေတိုး၊ ဖြူထိပ်ထား)
အဲဒါက ဖြူထိပ်ထားတို့မိသားစုရဲ့ Queen Jewel ကနေ ထုတ်လုပ်မယ့် ဇာတ်ကား ဖြစ်ပါတယ်။
ရုပ်ရှင်ကားကြီးမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။
အခုတော့ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် ဖြူထိပ်ထား ဖြစ်သွားပါပြီ။
ဖြူထိပ်ထားဖြစ်သွားကြောင်းကို ဒီကနေ့ သတင်းစာ အများအပြားမှာလည်း ကြော်ငြာထည့်ထားပါတယ်။
သူက သီချင်းလည်း ဆိုပါသေးတယ်။
အိပ်မက်ကလေး လို့ နာမည်ပေးထားတဲ့ တကိုယ်တော်စီးရီး မကြာသေးခင်က ထွက်ထားတယ်လို့ ယူဆရပါတယ်။
သြရသ နဲ့ သူနဲ့ တွဲဆိုထားတဲ့ သီချင်းရုပ်သံကို http://www.youtube.com/watch?v=OgjZ9aUJ8LA မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ်ဒီဇိုင်းအတွက် နယူးဇီလန်ဝန်ကြီးချုပ် ဂုဏ်ယူ
Posted:2013-08-28 13:07:41 UTC+07:00
နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗလာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။
ဓာတ်ပုံ - မစ္စကေး
လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲ တခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စ ကေးဟာ ကိုယ့် ကိုယ်ကိုယ် အ၀တ်ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့ သူ့ သင်ခန်းစာတွေရဲ့ အစိပ်အပိုင်းဖြစ်ခဲ့ပါတယ်။
ကျနော်တို့ကတော့ သူ အခု လုပ်နေတဲ့ အလုပ် အ ပေါ် အရမ်း ဂုဏ်ယူတယ်” လို့ နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ကေး က ပြောတာကို ဗြိတိန် အခြေစိုက် Sunday Times က ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလည်း မစ္စတာ ကေးရဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မက်စ် ဟာ မိသားစုတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါသေးတယ်။ ဒါကတော့ ၀န်ကြီးချုပ် အိမ်ရာမှာ ဆိုဖာတခုပေါ်မှာ ကန့်လန့်ဖြတ် အိပ်စက်
နေ တဲ့ ဓာတ်ပုံတပုံကြောင့် ပါ။
အိမ့်သံစဉ်~~
အသားအရည်လှပစေဖို့ ရွံ့မီးတောင်မှာ ရေချိုးမယ်
Posted:2013-08-29 14:37:16 UTC+07:00
ရွှံ့မီးတောင်က ရွံ့စေးရည်တွေဟာ အသားအရေ လှပဖို့အတွက် ရိုးရာ နည်းတခုပါတဲ့။
အခု ဗီဒီယိုမှာမြင်ရမယ့် ကိုလံဘီယာနိုင်ငံက El Totumo အမည်ရတဲ့ ရွှံ့မီးတောင်မှာ နိုင်ငံခြား ခရီးသွား တချို့ သွားရောက်ပြီး ရွံ့ရည်တွေထဲ စိမ်ကာ အသားအရေ ကောင်းစေတဲ့ ကုထုံးကို ခံယူနေကြတာပါ။
အဲဒီထဲက တယောက်ပြောတာကလည်း သူ့အသားအရေကောင်းဖို့ အခုလို ရွံ့ရည်နဲ့ ရေချိုးတယ်ပေါ့။
ပြောရရင် ရွံ့စေးတွေနဲ့ ခန္ဓာကိုယ် သုတ်လိမ်းပြီး ပွတ်နယ်ပေးတာဖြစ်ပြီး ခဏနေရင် ရေကန်မှာ အဲဒီ ရွံ့စေးတွေကို ပြန်ပြီး ဆေးကြောသန့်စင်ပစ်မှာလို့ ပြောသွားပါတယ်။
မြန်မာပြည်မှာရေ ဒီလို ရွံ့မီးတောင် မရှိဘူးလား။
မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့နယ်က မန်းစက်တော်ခေါ် ရွှေစက်တော် မှာ ရှိတဲ့ ရွှံ့မီးတောင်ဆိုရင် လူသိများကြပါတယ်။ ဒါပေမယ့် အပူချိန်က များတော့ ဘယ်လိုမှ အဲဒီရွှံ့ရည်ကို စိမ်ချိုးလို့ မရနိုင်လောက်ပါ ဘူး။ မြန်မာနိုင်ငံက တချို့ လူတွေကတော့ ရွံ့မီးတောင်က ရွံ့ရည်ပွက်နေတာကို နဂါးပွက်နေတယ်လို့ ယူဆနေကြတာလည်း ရှိပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရွံ့မီးတောင်တွေ တော်တော်များများ ရှိပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကျောက်ဖြူမြို့နယ် ဘောရဘာ ရွာက ရွံ့မီးတောင်ဟာ တတိယအကြိမ်
ပေါက်ကွဲခဲ့ပါသေးတယ်။ တခြား မြန်မာနိုင်ငံ ဒေသတချို့မှာလည်း ရွံ့မီးတောင်တွေ ရှိကြပါတယ်။
အသားအရေလှပစေတဲ့ အကြောင်းကတော့ ရွံ့မီးတောင်က ထွက်လာတဲ့ ရွံ့ရည်တွေမှာ ခန္ဓာကို အသားအရေကို အဓိက လှပချောမွတ်စေတဲ့ ဓာတ်သတ္တုတွေပါဝင်တာကြောင့်ဖြစ်တယ်လို့ ပြင်သစ် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Elle က ဖော်ပြထားပါတယ်။
ဒါကြောင့် အသားအရေ လှပ ၀င်းလက်နေစေဖို့အတွက် ရွံ့မီးတောင်တွေကို စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။
အိမ့်သံစဉ် ~
ဒါကတော့ မြန်မာပြည်က ရွှေစက်တော်မှာ ရှိတဲ့ ရွံ့မီးတောင်ပါ။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
နိုင်ငံရေးအကျဉ်းသားတဲ့လား
Posted:2013-08-28 06:30:00 UTC+07:00
~
ဦးခင်ညွှန့် (ဗိုလ်ချုပ်ဟောင်း)က သူလည်းပဲ နိုင်ငံရေး အကျဉ်းသားပါပဲ၊ ဒါ့ကြောင့် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စမှာ ပါဝင်လုပ်ကိုင်ချင်ပါသတဲ့။ လွန်ခဲ့တဲ့နှစ်ရက်လောက်က facebook တနေရာမှာ တွေ့လိုက်ရတာပါ။
ဖတ်နေတဲ့ မျက်စိကရော ကိုယ့်မျက်စိမှ ဟုတ်ရဲ့လား၊ နားလည်လိုက်တဲ့ ဦးနှောက်ကရော ကိုယ့် ဦးနှောက်မှ ဟုတ်ရဲ့လားလို့ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဘယ်သူကမေးလို့ ဒီလူဖြေလိုက်မှန်းလည်း ကျွန်မ မသိလိုက်ရပါဘူး။ သူ့ကို စိတ်ဝင်စားတဲ့ လူတွေ ရှိမှာပါ။
အမိန့်ဆိုတာကို ဦးလည်မသုန်ထမ်းရွက်ရင်း အမိန့်ပေးတဲ့လူတွေကပဲ ထောင်သွင်းအကျဉ်းကျသွားတဲ့၊ အာဏာစက်တွေပြင်းထန်လှတဲ့ ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဘာတွေလုပ်နေသလဲ ဆိုတာ စိတ်ဝင်စားပြီး မျက်ခြေမပြတ် လေ့လာနေသင့်တာလည်း အမှန်ပါပဲ။
ဒါပေမယ့် သူ့သဘောထားတွေ၊ သူ့အမြင်တွေ၊ သူ့လုပ်ရပ်တွေကို ကြုံတွေ့ခံစားပြီးမှတော့ ဘာအတွက် သူ့သဘောထားကို မေးမြန်းနေကြပါလိမ့်လို့လဲ တွေးမိပါတယ်။ သူ့ကိုသရော်ဖို့လား၊ သူ့ကိုပြန်ပြီး နိုင်ငံရေး ပြဇာတ်မှာ ဇာတ်ဆောင်တစ်ဦးဦးအဖြစ် ဗီလိန်နေရာကပဲဖြစ်ဖြစ် ပြန်ကစေချင်လို့လား။ အခု ကနေတဲ့ နိုင်ငံရေး ပြဇာတ်ကြီးက စင်ပေါ်က ပြဇာတ် မဟုတ်ဘူး။ ပြည်သူတွေ ပါဝင်ကခုန်နေတဲ့ ဘ၀ဇာတ်ခုံထဲက နိုင်ငံရေးကဏ္ဍ အခန်းတစ်ခန်းပါ။
စစ်မှန်တဲ့ဒီမိုကရေစီဘ၀ လျှောက်လှမ်းဖို့ ဥပဒေတွေပြင်ဆင်နေတဲ့အချိန်။ လူသားတစ်ဦးရဲ့ ဦးနှောက်ကို ခွဲစိတ်ပြုပြင်သလို နိုင်ငံရဲ့ ဦးနှောက်ကြီးကို ခွဲစိတ်ပြုပြင်နေရတဲ့အချိန်ပါ။ လူ့သားတစ်ဦးရဲ့ အာရုံကြောတွေကို ရှင်သန်အောင် ကုသမှုနည်းလမ်းကို ရှာနေသလို အာရုံကြောတွေ သေဆုံးနေတဲ့ နိုင်ငံတစ်နိုင်ရဲ့ အာရုံကြောတွေကို ကုသမယ့် နည်းလမ်းကို ရှာဖွေနေဆဲ အချိန်ပါ။
သတိလေးတစ်ချက်လွတ်သွားရင် ကိုယ့်ကိုချမယ့်ပြစ်ဒဏ်ကို ကိုယ့်ဖာသာကိုယ် ပြဌာန်းနေတဲ့အချိန်မို့ အရေးကြီးလှတယ်ပေါ့။ အမိန့်တွေကိုချမှတ်တဲ့လူကလည်း ဘယ်သူ့အကျိုးစီးပွားအတွက်လဲ၊ ချမှတ်လိုက်တဲ့ အမိန့်ကိုလည်း ဆက်လက်ဖော်ဆောင်တဲ့လူကလည်း ဘယ်သူ့အကျိုးစီးပွားအတွက်လဲ ဆိုတာ မစဉ်းစားကြတော့ဘူးဆိုရင် ကျွန်မတို့ နိုင်ငံအသိုင်းအ၀ိုင်းက အင်မတန်ကို အောက်တန်းနောက်တန်းကျတဲ့ အသိုင်းအ၀ိုင်းပေါ့။ အမိန့်ကြောင့် တာဝန်အရ လုပ်တာပါဆိုတဲ့ စကားတွေနဲ့ ခွင့်လွှတ်မှုကို အရယူနေတဲ့ လူတွေဟာ အမိန့်ကို မလွဲမသွေဆောင်ရွက်ရမယ်လို့ ဦးနှောက်ထဲရိုက်သွင်းထားလို့ ဘာကိုမှ မစဉ်းစားဘဲ ဆောင်ရွက်နေ ကြတယ် ဆိုတဲ့စကားဟာ တကယ့်ကို ယုံကြည်သင့်တဲ့စကားလား။
ပြောတဲ့လူကရော အမှန်တကယ်ကို မိမိအကျိုး စီးပွားမပါဘဲကို အမိန့်ဆိုရင် လုပ်ကြတာပဲလား။ မဟုတ်ပါဘူး။ အမိန့်ရဲ့ နောက်ကွယ်က မိမိအကျိုးစီးပွားကို ရှေ့ရှုခြင်းက အများကြီးပါဝင်ပါတယ်။
သက်ဆိုင်ရာဘာသာရပ်ကို တစ်ခုခုကို တတ်မြောက်အောင် သင်ယူနိုင်ပြီဆိုရင် အဲဒီလူဟာ ဦးနှောက် ဥာဏ်ရည်မီတဲ့ လူတစ်ယောက်လို့ ယူဆလို့ရပါတယ်။ ဦးနှောက်ဥာဏ်ရည်မီတဲ့သူဆိုရင် ကိုယ့်လုပ်ရပ်တွေပေါ်မှာ ဆင်ခြင်နိုင်စွမ်းရှိတဲ့သူဟာ နီးရာဓါးကို ကြောက်လို့ အမိန့်တွေကို ဦးလည်မသုန်ဆောင်ရွက်ခဲ့တယ်ဆိုရင်လည်း ခတ်ညံ့ညံ့ လူတစ်ယောက်ပါပဲ။ အမိန့်ဟာ မတရားသောအမိန့်၊ ဆက်လက်မဆောင်ရွက်သင့်သော အမိန့်ဆိုရင် ဆက်လက် မဆောင်ရွက်ဘူးပေါ့။ အဲဒီလိုလား။ မဟုတ်သေးပါဘူး။ မဆောင်ရွက်ရင် ထောင်ကျမယ်။ ကြိုးမိန့်အပေးခံရမယ်။ လာဘ်လာဘတွေ ပျောက်ဆုံးသွားမယ်။ ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီး၊ ငါ့ဆွေ၊ ငါ့မျိုး ဒုက္ခရောက်သွားမယ်။ ဒါတွေကို ကြောက်လို့ အမိန့်တိုင်းကို မဆင်ခြင်ဘဲ ဆောင်ရွက်ခဲ့တာပါ။
ဒီလိုဆိုရင် သူ့ရဲ့ အမိန့်နာခံမှုဟာ ရိုးသားဖြူစင်ခြင်းရှိရဲ့လား။ ကိုယ့်သမိုင်းဟာ အလွန်ကို ဆိုးရွားသွားမယ် ဆိုတဲ့ အသိဟာလည်း သူ့အာဏာစက်ကို သူ့ဖာသာသူ ယစ်မူးနေတဲ့အတွက် ပျောက်ကွယ် ဆုံးရှုံးခဲ့တာပါပဲ။ သူကြေညာ ဖတ်ပြခဲ့တဲ့ raod map က တိုင်းပြည်ကိုကယ်ဖို့လား။ ပြည်သူကို မြှင့်တင်ဖို့လား။ ဒါမှမဟုတ် ကျဉ်းထဲ ကျပ်ထဲ ရောက်နေတဲ့ သူတို့လူတန်းစားကို ကယ်တင်ဖို့လား။ အဖြေရှာရင် အဖြေထွက်မှာပါ။
ဘာအတွက် ဒီလောက်တောင် ပြည်သူတွေကို ဖိနှိပ်ပြီး နင်းပြားဖြစ်အောင် နှစ်ပေါင်းများစွာ လုပ်ခဲ့ပါသလဲ။ တိုင်းပြည်ကောင်းစားရေး ဆိုရင် ခုလောက် တိုင်းပြည်ဟာ နောက်ကျမကျန်ရစ်ခဲ့ပါဘူး။ ပြည်သူ့ အရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေခဲ့တာဆိုရင် ပြည်သူတွေဟာ ခုလောက် ဆင်းရဲပြီး မကျန်ရစ်ပါဘူး။ သူ့ကျွန် ဖြစ်တုန်းကမှ ဗိုလ်ချုပ်ခမျာ အိမ်ထောင်ပြုခွင့်လေးရလိုက်ပါရဲ့။ ငါ့ကျွန်ဖြစ်တော့ ကိုမင်းကိုနိုင်တို့အုပ်စု အိမ်ထောင်ပြုခွင့်လေးတောင် မရလောက်အောင်ကို ဖိနှိပ်ခံဘ၀က၊ အာဏာရှင်လက်ထဲက လွတ်မြောက်အောင်ကြိုးစားရရှာတာပါ။
ထောက်လှမ်းရေးဆိုရင် ကျောချမ်းလှတဲ့ခေတ်ကို ဦးဆောင်တဲ့သူက ခုတော့ သူလည်းပဲ နိုင်ငံရေးအကျဉ်းသမားဆို တော့ မောင်သော်ကတို့၊ ဦးဝင်းတင်တို့၊ ဇာဂနာတို့၊ ကိုကိုကြီးတို့ကို အားနာစရာကောင်းနေပါပြီ။ သူက အဲဒီ့ နိုင်ငံရေး အကျဉ်းသမား ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေမယ်ဆိုရင် ကျွန်မသာ ဇာဂနာ ဖြစ်ခဲ့ရင် ကျွန်တော်တို့ ကတော့ သူပုန် ဆိုပြီး ခေါင်းစဉ်ပြောင်းလိုက်ပါတော့မယ်လို့သာ ဆိုချင်ပါတယ်။
ဟိုတစ်နေ့က မိတ်ဆွေတစ်ဦးက သူ့ရဲ့လိပ်စာကတ်ပြားလေး ကျွန်မကို ပေးပါတယ်။ သူ့နာမည်လေးအောက်မှာ ခြောက်ကြိမ်မြောက် နိုင်ငံရေးအကျဉ်းကျခဲ့သူ လို့ ကွင်းစ၊ ကွင်းပိတ်လေးနဲ့ကို ဂုဏ်ယူစွာ ဖော်ပြထားပါတယ်။ ဂုဏ်ယူစရာပေပဲကိုး။ သူ့မှာ အိမ်ခန်းလေးတစ်ခန်းပိုင်တာ ကျွန်မသိတယ်။ ကွန်ဒိုတိုက်ခန်းမဟုတ်ပါဘူး။ အနှစ် လေးဆယ်လောက်အိုမင်းနေတဲ့ တိုက်ဟောင်းလေးထဲက အိမ်ခန်းတစ်ခန်းကိုပဲ ပိုင်ဆိုင်ထားတာ ၁၉၈၉ ထဲကပါ။ နိုင်ငံရေးအရအကျဉ်းကျခံဖူးသူ ဆိုတော့ လူတွေကလည်း သူနဲ့ သိပ်ပြီး ပတ်ပတ်သက်သက်လုပ်ရင် ဖမ်းမှာကြောက်တော့ မလုပ်ရဲတော့ပါဘူး။ သူ့မိသားစုရဲ့ ဘ၀လှိုင်းတံပိုးကလည်း ကြီးမားလိုက်ပါဘိ။ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကိုလည်း ပိတ်ပင်လိုက်ပြန်တော့ အခက်အခဲဟာ အများကြီးပါ။ မိသားစုရဲ့ တုန့်ပြန်မှုကိုလည်း ခန့်မှန်းလို့ရပါတယ်။ ဒီတော့ သူသား၊ သူ့သမီး၊ သူ့ဇနီးအတွက် နိုင်ငံရေးကို စွန့်လွှတ်လိုက်သလားဆိုတော့ မစွန့်လွှတ်လိုက်ပါဘူး။ ဆက်ပြီးတော့ လုပ်၊ ထောင်တွေအကြိမ်ကြိမ်ကျ။ ခုရော လွှတ်တော်အမတ်ဖြစ်နေသလား ဆိုတော့ မဖြစ်ပါဘူး။ သူက လွှတ်တော်အမတ်ဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူးလေ။ သူက သူ့အသိပညာနဲ့ အသက်မွေးဝမ်းကျောင်းချင်သူဆိုတော့ သူ့ အသက်မွေးဝမ်းကျောင်းလေးကိုလည်း ပြန်လည် လုပ်ကိုင်ခွင့်ရတော့ ပြန်လုပ်တာပေါ့။
ဒီလို အကျဉ်းကျတဲ့ နိုင်ငံရေးသမားလို့ခေါ်ဆိုထိုက်တဲ့ လူတွေ အများကြီးဟာ နိုင်ငံရေးလောကထဲမှာ မကျင်လည်တော့ဘဲ သူတို့ရဲ့မူလအလုပ်ကို ပြန်လုပ်၊ မူလနေရာကိုပြန်သွား။ ဒီတော့ ဒီလူတွေ နိုင်ငံရေးလောကကို ကျောခိုင်းလိုက်တာလား။ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတွေ မရရသေးရင်၊ တန်းတူညီမျှတဲ့ ဥပဒေတွေ မပေါ်ပေါက်ဖူးဆိုရင်၊ ပြည်သူတွေကို ညှင်းပန်းနေမယ်ဆိုရင် ဒီလူတွေ နိုင်ငံရေးလောကထဲကို ကဗျာတစ်ကြောင်းနဲ့ပဲဖြစ်ဖြစ် ပြန်ဝင်လာမှာပါပဲ။
ဒီလူတွေက တိုင်းပြည်မျက်နှာအတွက် နိုင်ငံရေးလုပ်သူ။ ပြည်သူ့အခွင့်အရေးအတွက် နိုင်ငံရေးလုပ်သူ၊ ပြည်စေခံလူတန်းစားပေါ်ပေါက်ရေးအတွက် နိုင်ငံရေးလုပ်သူ။ ဒီလူတွေကို နိုင်ငံရေးလုပ် ဆိုတဲ့ အမိန့်ကို ပေးအပ်လို့ လုပ်တာမှ မဟုတ်ဘဲ။ ဦးခင်ညွှန့်ကတော့ စစ်အုပ်ချုပ်ရေးကာလ စစ်အုပ်ချုပ်ရေးအတွက် နိုင်ငံရေးလုပ်သူ၊ စစ်အုပ်ချုပ်သူလူတန်းစား အခွင့်အရေးအတွက် နိုင်ငံရေးလုပ်သူ၊ ပေါ်ပေါက်နေတဲ့ အာဏာရှင် အုပ်ချုပ်သူ လူတန်းစားကို ကာကွယ်ပေးဖို့ နိုင်ငံရေးလုပ်သူ၊ သူကာကွယ်နေတဲ့ လူတန်းစားက သူ့ကို ယုံကြည်မှု အားနည်း သွားလို့ အကျဉ်းကျခဲ့သူ ဆိုတော့ အတော်ကြီးကို ဇာဂနာတို့နဲ့ကွာသွားပြီ။ နော်အုန်းလှနဲ့ ယှဉ်လို့ မရတော့ဘူး။
ဦးခင်ညွှန့်ကို ဖမ်းဆီးစဉ်က သတင်းစာထဲမှာ ... ဘာကြောင့် ဖမ်းရသလဲဆိုတာ ပြောချိန်တန်လျှင် ပြောမည်ဖြစ်ကြောင်း ဆိုပေမယ့် ခုထိတိုင် မပြောသေးတော့ ဦးခင်ညွှန့်ခမျာလည်း သေသေချာချာ ဘာကြောင့်အကျဉ်းကျတယ်မှန်းမသိတော့ ငါလည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း ထောင် ကျခံလိုက်ရတာဆိုတော့ နိုင်ငံရေး အကျဉ်းသားလို့ ပြောလိုက်တာဖြစ်မှာပါ။
ခွင့်လွှတ်ခြင်းတိုင်းဟာ ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့ ခွင့်လွှတ်တာမှ မဟုတ်ဘဲ ကိုယ့်ကသာ ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်တဲ့လူဖြစ်လို့ ခွင့်လွှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဘာရာဒွါဂျာ (မြန်မာပြည်)
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ကမ္ဘာတလွှား အီဖယ်များ – ၁
Posted:2013-08-28 04:00:00 UTC+07:00
~
၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည် ပါရီမြို့မှာရှိတဲ့ အီဖယ်မျှော်စင်ကြီးကို စတင် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာအီဖယ်မျှော်စင်ကြီးရဲ့ အနုပညာ လက်ရာမြောက်မှု ဗိသုကာပညာ ပြည့်ဝမှု လှပခံ့ငြားမှုများကြောင့် တခြားတခြားသော နိုင်ငံများမှ အီဖယ်မျှော်စင်ကို ကြိုက်နှစ်သက်ကြသောသူများက သူတို့အရပ် သူတို့ဒေသတွေမှာလည်း အီဖယ်မျှော်စင် ပုံစံတူများကို ဆောက်လုပ်လာခဲ့ကြပါတယ်၊
(ပါရီ အီဖယ် ဝက်ဆိုက်မှာ တွေ့ရတဲ့ ဓာတ်ပုံတပုံ)
မူရင်းပါရီရဲ့ အီဖယ်က ၃၂၄ မီတာ မြင့်ပြီး လေးဘက်လေးတန် အောက်ခြေတိုင်များကလွဲလို့ သံမဏိများနဲ့သာဖွဲ့စည်းတည်ဆောက်ထားတာပါ၊
မူလပထမ တည်ဆောက်ခဲ့စဉ်က ယာယီသဘောနဲ့ ပြပွဲကာလမှာ ဖြစ်ပေါ်တိုးတက်လာနေတဲ့ သံမဏိနဲ့ စက်မှုနည်းပညာကို ပြသဖို့သာ ရည်ရွယ်ခဲ့ပေမယ့် ပြပွဲ စတင် ခဲ့ပြီး တလအတွင်းမှာ ပါရီအီဖယ်ပေါ်ကို အခကြေးငွေပေးပြီး တက်ရောက်လေ့လာခဲ့ကြသူတွေက မမျှော်လင့်လောက်အောင်ဘဲ များပြားခဲ့တာကြောင့် ဒီကနေ့ခေတ်ထိ နှစ်ပေါင်း ၁၂၀ ကျော်ကြာထိ တည်ရှိနေခဲ့တာဖြစ်ပါတယ်၊
ဒီမျှော်စင်ပေါ် တက်ဖူးချင်တဲ့သူတွေ များပြားလွန်းလို့ တနှစ်ပတ်လုံးမှာ ပိတ်ရက်မရှိ ဖွင့်ထားပါတယ်၊
မျှော်စင်ထိပ် အပေါ်ဆုံး သုံးထပ်အထိ တက်ရောက်ချင်တယ်ဆိုရင် တယောက်ကို ၁၄ ယူရိုပေးရမှာဖြစ်ပြီး အခုလို ဥရောပရဲ့ နွေရာသီကာလ မျှော်စင်ပေါ်တက်ရဖို့ကို တန်းစီနေသူတွေ မျှော်စင်အောက်မှာ များပြားစွာ တွေ့မြင်ရမှာ ဖြစ်ကြောင်းပါ၊ စောင့်ဆိုင်းရချိန်က တနာရီကျော် နှစ်နာရီမက ကြာနိုင်ကြောင်းပါ၊
ပါရီအီဖယ်အချိုးအစား
မျှော်စင်မှာ အထပ်သုံးထပ်ပါဝင်ပြီး ၅၇ မီတာမြင့်တဲ့ ပထမထပ်မှာ လူပေါင်း ၂၅၀၀ ခန့် ဆန့်ပါတယ်၊ ဒုတိယထပ်ကတော့ ၁၁၅ မီတာ အမြင့်မှာရှိပြီး လူ ၁၆၀၀ ကျော်ခန့် ဆန့်ပါတယ်၊ ၂၇၆ မီတာမြင့်ပြီး ၃၅၀ စတုရန်းမီတာကျယ်တဲ့ တတိယအထပ်မှာ လူလေးရာခန့် ဆန့်ပါတယ်၊
ကောလဟာလ သတင်းတွေအရ ပါရီအီဖယ်ရဲ့ တတိယထပ်အပိုင်းကို ရုရှားက ခရိုနီလက်သစ် တယောက်ဆီမှာ ရောင်းချထားတယ်ဆိုတာပါ၊
သက်ဆိုင်ရာ မြို့တော်ဝန် ကတော့ အကြောက်အကန် မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်တဲ့၊ ထုံးစံပါဘဲပေါ့နော်၊
ရုရှားက ခရိုနီလက်သစ်တွေဟာ ပါရီအီဖယ်ကို ဝယ်နိုင်တာ မဝယ်နိုင်တာကို သေသေချာချာ မသိနိုင်ပေမဲ့ ယူရို သုံးဆယ်တန် ရှန်ပိန်တပုလင်းကို ယူရို ခုနှစ်ရာ ရှစ်ရာ လူအထင်ကြီး ခံရမလားဆိုပြီး ပေးဝယ် သောက်နေတာကိုတော့ လက်တွေ့ရောင်းချရသူ ရွှေပြည်တော်သားတဦးက ပြောဆိုရှင်းပြခဲ့တာကို မှတ်မှတ်သားသား ဖြစ်မိရပါတယ်၊
ပါရီမြို့က အီဖယ်မျှော်စင်
ပါရီအီဖယ်မျှော်စင်ဟာ တည်ဆောက်ပြီးစီးခဲ့တဲ့ အချိန်ကစလို့ နောက်နှစ်ပေါင်း လေးဆယ် ၁၉၃၀ ခုနှစ်ထိတိုင်အောင် ကမ္ဘာ့မှာအမြင့်မားဆုံး အဆောက်အဦတခု ဖြစ်ခဲ့တာပါ၊ အီဖယ်မျှော်စင်ပေါ်ကို ရောက်ခဲ့ဖူးသူ အရေအတွက်ကတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ သန်းသုံးရာပြည့်မယ်လို့ တွက်ထား ကြပါတယ်၊
အခုထိတော့ သန်း ၂၅၀ ကျော်ခဲ့ပြီလို့ မှတ်တမ်းများမှာ ရေးသားထားပါတယ်၊
သုံးလေး ငါးခေါက် တက်ရောက်ဖူးသူတွေ အီဖယ်မှာ အလုပ်လုပ်နေသူတွေရဲ့စာရင်းပါ အဲဒီမှတ်တမ်းများမှာ ပါဝင်နေတာလားကတော့ မှတ်တမ်း ရေးသူများတောင်မှ သိပါလေစ၊
ပါရီမြို့က အီဖယ်မျှော်စင်ထိပ်ဖျား
တကမ္ဘာလုံးမှာ အီဖယ်မျှော်စင်ပုံတူ အခု ၃၀ ကျော်ရှိတယ်လို့ဆိုပါတယ်၊ တချို့သော မျှော်စင်များ ကတော့ ထပ်တူထပ်မျှ ပုံစံရော အချိုးအစားပါ တူအောင် ဆောက်လုပ်ထားကြပြီး တချို့ကတော့ ဆောက်လုပ်ပုံ နည်းစနစ်သာ တူညီကြတာပါ၊ ကမ္ဘာပေါ်မှာ အဲဒီလိုမျိုး အီဖယ်မျှော်စင် ပုံစံတူများ ရှိနေသလို ပါရီမြို့နဲ့ အမည်တူ မှည့်ခေါ်ထားတဲ့ မြို့ကလေးများလည်း ၃၀ ကျော်ခန့် ရှိပါတယ်တဲ့၊ အများအားဖြင့်တော့ အမေရိကန်ပြည်မှာ ရှိကြပါတယ်၊
အမေရိကန်နိုင်ငံ တဝှန်းမှာ ပါရီမြို့အမည် မှည့်ခေါ်ထားကြခြင်းကတော့ အဲဒီခေတ်ကာလက အမေရိကကို ပြောင်းရွှေ့အခြေဆိုက် နေထိုင်ခဲ့ ကြသူတွေ အများစုက ဥရောပတိုက်သား အင်္ဂလိပ်တွေ ပြင်သစ်တွေ ဂျာမန်တွေ ဒတ်ခ်ျလူမျိုးတွေ အများစုပါ၊
အကြောင်းအမျိုးမျိုးကြောင့် ဥရောပကုန်းမကြီးပေါ်က အမေရိကမြေကို ပြောင်းရွှေ့ပြီး အခြေစိုက် နေထိုင်ကြခဲ့သောသူတွေဟာ မိမိရောက်ရှိနေထိုင်ရာ နယ်မြေဒေသသစ်တွေကို အမည် မှည့်ခေါ်ကြရာမှာ မူလလက်ဟောင်း မိမိနေထိုင်ခဲ့ရာ ဒေသတွေကို သတိတရဖြစ်ပြီးတော့ အဲဒီလို ပါရီမြို့ ဆိုပြီးတော့ မှည့်ခေါ်ခဲ့ကြတာကြောင့် ဒီကနေ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တိုင်းမှာလိုလို ပါရီမြို့နဲ့ အမည်တူမြို့များ ပေါ်ထွန်းလာခဲ့ရခြင်းပါ၊
Eiffel tower, Michigan, USA
အမေရိကန်ပြည်နဲ့ ကနေဒါနယ်စပ်အနီးက Michigan ပြည်နယ်မှာရှိတဲ့ Paris Township လို့ခေါ် ဆိုကြတဲ့ မြို့ကလေးမှာတော့ လူဦးရေ ၅၀၀ ကျော်သာ နေထိုင်ပါတယ်၊ အဲဒီမြို့ကလေးမှာလည်း ပေနှစ်ဆယ်မျှသာ မြင့်မားတဲ့ အီဖယ်တာဝါ သေးသေးလေးတခု ရှိနေပါတယ်၊ ၁၉၈၀ ခုနှစ်နောက် ပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်၊ ဒီမျှော်စင်ပိစိလေးက မောင်ရင်ငတေ့ စိတ်မှာတော့ အချိုးအစား ကျနလှပတယ်လို့ တွေးမိပါတယ်၊
København Zoo tårn
ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မှာလည်း အီဖယ်မျှော်စင်တခု ရှိပါတယ်၊ ပါရီကအီဖယ်နဲ့တော့ သိပ်တော့မတူပေမဲ့ အီဖယ်ပုံတူ အုပ်စုစာရင်းထဲမှာ ပါဝင်နေပါတယ်၊ ၁၈၅၉ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့တဲ့ ဥရောပမှာ ရှေးအကျဆုံးသော ကိုပင်ဟေဂင် တိရစ္ဆာန်ရုံဝန်းထဲမှာ ရှိပါတယ်၊
Copenhagen Zoo Tower လို့ ခေါ်ဆိုကြတဲ့ အမြင့်ပေ ၁၄၇ ပေရှိတဲ့ ထိုမျှော်စင်ကြီးကို ၁၉၀၅ ခုနှစ်မှာ ဆောက် လုပ်ခဲ့ပြီး သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တခု ဖြစ်ပါတယ်၊
မောင်ရင်ငတေမျက်လုံးထဲမှာတော့ အီဖယ်ပုံတူတွေထဲမှာ ရုပ်အဆိုးဆုံးပုံစံမကျဆုံးလို့သာ ထင်မိပါတယ်၊ ဒိန်းမတ်ပြည်မှာနေတဲ့ ဒိန်းမတ်သူ ဒိန်းမတ်သားတွေကလည်း သဘောတူနိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ၊
ပါရီအီဖယ်နဲ့က အောက်ခြေပိုင်းတော့ တူညီပါတယ်လို့ ဆိုကြပါတယ်၊ အဲဒီမျှော်စင်ရဲ့ ထူးခြားချက် ကတော့ မျှော်စင်တခုလုံးကို သစ်သားနဲ့ ဖွဲ့စည်းတည်ဆောက်ထားခြင်းပါ၊ အဲဒီမျှော်စင်တည်ရှိရာ တိရစ္ဆာန်ရုံကို နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူပေါင်း တသန်းကျော်ရှိပါတယ်တဲ့၊
ဒိန်းမတ် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးကြီးတဲ့ နေရာဒေသတခုဖြစ်ပြီး တိရစ္ဆာန်မျိုးကွဲပေါင်း ၂၅၀ လောက်နဲ့ အကောင်ရေ သုံးထောင့်ငါးရာကျော် ရှိပါတယ်၊
Eiffel Tower, Window of the World, Shenzhen,China
ပါရီအီဖယ်နဲ့ လုံးဝနီးပါးမျှ ပုံစံတူအောင် တည်ဆောက်ထားတဲ့ မျှော်စင်ကတော့ တရုတ်ပြည်မကြီး ဘက်အခြမ်း ဟောင်ကောင်မြို့ အနီးက Shenzhen မြို့မှာရှိပါတယ်၊ အဲဒီဒေသဟာ စက်မှုဇုံတွေနဲ့ စည်းကားလာခဲ့ပြီးနောက် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ဆိုပြီး Window of the World အပန်းဖြေ ဥယျာဉ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်က ထင်ပေါ်ကျော်ကြားတဲ့ အဆောက်အဦ ၁၃၀ ကျော်ကို ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်၊
အဲဒီအရပ်ဒေသမှာ မူလလက်ဟောင်း အထိမ်း အမှတ်အဖြစ် ပြသစရာတွေ များများစားစား မရှိလို့များလားလို့ မောင်ရင်ငတေ တွေးမိပါတယ်၊ ပါရီအီဖယ်နဲ့ ပုံစံတူရုံမျှမက ပါရီအီဖယ် အနီးအနားမှာတည်ရှိနေတဲ့ အခြားအဆောက်အဦများကိုပါ ထည့်သွင်းဆောက်လုပ်ထားခြင်းပါ၊
အချိုးအစားကတော့ ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးရှိပြီး အမြင့်ပေ သုံးရာ့ငါးဆယ်လေးပေရှိပါတယ်၊ အခြားသောကျော်ကြားထင်ရှားတဲ့နေရာ ပုံတူများကတော့ အီဂျစ် ပိရမစ်များ အိန္ဒိယ တပ်ခ်ျမဟာ အပါအဝင် တခြားကမ္ဘာအရပ်ရပ်က ထင်ရှားတာတွေ အကုန်နီးပါး ပါဝင်ပြီး ထူးထူးခြားခြား တွေ့ရတာကတော့ မောင်ရင်ငတေတို့ရဲ့ ရွှေမြို့တော်ဟောင်းက နှစ်ပေါင်း ၂၆၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရွှေတိဂုံဘုရားပုံစံတူပါ ပါရှိကြောင်းပါ၊
Eiffel Tower of Tiandu City Community, Hangzhou, China
တရုတ်ပြည်မှာ အခြားသော ပုံတူ အီဖယ်မျှော်စင်များလည်း ရှိပါသေးတယ်၊ ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ လောက်အကွာမှာ Hangzhou ခေါ်တဲ့ တရုတ် ရှေးဟောင်းမြို့ကြီးတမြို့ ရှိပါတယ်၊
၁၃ ရာစု အကုန်ပိုင်းက Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄) ရောက်ရှိခဲ့တဲ့မြို့လို့ ဆိုကြပါတယ်၊
ဒီ ရှေးဟောင်းမြို့ရဲ့မြို့စွန်မှာ Tiandu Cheng ရပ်ကွက်သစ်ကြီး တခုရှိပါတယ်၊
အဲဒီ ရပ်ကွက်သစ်ကို ပါရီမြို့က နာမည်ကျော် အဆောက်အဦ ပုံစံတူတွေ သာမက လမ်းတွေ တိုက်တွေ ပန်းခြံလေးတွေ ကစားကွင်းလေးတွေကအစ ပုံစံတူတွေ ဖန်တီးထားပါတယ်၊
မိတ်အင်ချိုင်းနားဆိုတာက ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းတွေသာမက မြို့တမြို့ကိုပါ ပုံစံတူ ဖန်တီးထားနိုင်ခြင်းပါ ခင်ဗျာ၊
ဝမ်းနည်း ရမှာလား ဝမ်းသာရမှာလား ဆိုတာကတော့ တကယ့်ကို ပါရီဇီယန် ပါရီမြို့သားစစ်စစ် တယောက်နဲ့ တွေ့ရရင်တော့ မောင်ရင်ငတေ မေးကြည့်လိုက်ပါအုံးမယ်၊
အခုလောလောဆယ်တော့ မဖြစ်နိုင်ဘူး၊ မောင်ရင်ငတေတို့လို ကောင်မျိုးတွေက ခပ်တည်တည်နဲ့ ပါရီဇီယန်ယောင် ဆောင်ထားတာတွေဘဲမဟုတ်ပါလား၊
ပါရီဇီယန်စစ်စစ် ဆိုတာကလည်း မန်းဒလေးသားစစ်စစ် ဆိုတာထက်တောင် ရှားပါးကုန်ဖြစ်နေပါပြီ၊
Tiandu Cheng, Sky Capital City in the far suburban outskirts of Hangzhou
အဲဒီ Tiandu Cheng ရပ်ကွက်ကြီး သို့မဟုတ် မြို့လေးတမြို့လောက် အရွယ်အစားရှိတဲ့ နေရာမှာ ၃၅၄ ပေ အမြင့်ရှိတဲ့ (Shenzhen အီဖယ်ကလည်း ဒီအမြင့်ပါဘဲ) အီဖယ်မျှော်စင်အပါအဝင် ပါရီမြို့ ပုံတူကို ၂၀၀၇ ခုနှစ်က စတည်ခဲ့တာပါ၊ ရှန်ဟဲမြို့ကနေ နေ့ချင်းပြန်ခရီး သွားလည်လို့ ရပါတယ်တဲ့၊
ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အရှိန်အဝါကြီးမား လာမှုကို ပြသနိုင်ဖို့ရယ်နဲ့ ချမ်းသာတဲ့ တရုတ်လူတန်းစားတွေ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့အထိ သွားစရာမလိုပါဘဲနဲ့ လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်း ဥရောပလူနေမှုစရိုက်ကို သိရှိနိုင်စေရန်လို့ ဒီလို တရုတ်ပါရီ စီမံကိန်းကို ဆောက်လုပ်တဲ့ လုပ်ငန်းရှင်ကြီးက ရှင်းပြထားတာကိုလည်း မှတ်သား ဘွယ်ရာ သိရှိရပါတယ်ဗျာ၊ ဘယ်လိုဘဲဖြစ်ဖြစ် မောင်ရင်ငတေတို့လည်း ရှန်ဟဲမြို့ကို ရောက်ရှိခဲ့ရင် မသွားမဖြစ်သွားရမယ့် တနေရာလို့ သတ်မှတ်ထားရမှာပေါ့နော်၊
အဲ တရုတ်ပါရီမြို့လေးမှာ လူဦးရေ တသောင်းလောက် ချောင်ချောင်ချိချိ နေနိုင်ပါတယ်တဲ့၊
တရုတ်လူငယ်ကလေးတွေရဲ့ ပေါ်ပြူလာ ဟန်းနီးမွန်းအိပ်မက် နေရာတနေရာလည်း ဖြစ်နေပါပြီ၊
အဲဒီ တရုတ်ပါရီမြို့လေးနဲ့ မနီးမဝေးမှာဘဲ လစ်တဲလ်လန်ဒန်ခေါ် Thames Town ဆိုတဲ့မြို့လေးကိုလည်း တည်လို့ပြီးပါပြီ၊
အီတလီစတိုင်လ် ဂျာမန်စတိုင်လ် မြို့တွေလည်း ရှိနေပါပြီလို့ ဆိုကြတဲ့အပြင် နောက်များမကြာခင်တော့ လစ်တဲလ် ဆယ့်ကိုးလမ်းတို့ လစ်တဲလ်မောင့်လက်ပဒေါင်းတို့လို နေရာပုံတူတွေလည်း မပေါ်လာနိုင်ဘူးဆိုပြီးမပြောနိုင်ပါဘူး မဟုတ်ပါလား၊
အင်္ဂလန်ဘလက်ပူးအီဖယ် Blackpool Tower
၁၈၈၉ ခု မတ်လ ၃၁ ရက်နေ့မှာ တရားဝင် စတင်ဖွင့်ခဲ့တဲ့ အီဖယ်မျှော်စင်ဖွင့်ပွဲနဲ့အတူ တပြိုက်နက် ပြုလုပ်ခဲ့တဲ့ Exposition universelle de Paris ပွဲတော်ကြီးကို ရောက်ရှိလာတဲ့ အင်္ဂလန်နိုင်ငံက Blackpool မြို့တော်ဝန်နဲ့အဖွဲ့ဟာ Blackpool မြို့ကို ပြန်ရောက်ပြီးတဲ့အခါမှာ Blackpool Tower ကို အီဖယ်မျှော်စင်နဲ့ တူအောင် ဆောက်လုပ်ခဲ့ပြီး ၁၈၉၄ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်၊
ပါရီက အီဖယ်မျှော်စင်နဲ့ အဓိကခြားနားချက်ကတော့ ဘလက်ပူးမျှော်စင်က အောက်အခံ အဆောက်အဦး တခုပေါ်မှာ ထပ်တင်ဆောက်ထားတာဖြစ်ပြီး ပါရီအီဖယ်ရဲ့ ထက်ဝက်ခန့် ၅၁၈ ပေကျော် မြင့်မားပြီး ပါရီအီဖယ်ကို အထက်ပိုင်းဖြတ်ပြီး ဆောက်ထားတဲ့ပုံပါ၊
ဘလက်ပူးအီဖယ်က ဘလက်ပူးအပန်းဖြေ ဥယျာဉ်ကြီးထဲမှာ တည်ရှိပါတယ်၊
ဘလက်ပူးမြို့ကတော့ အင်္ဂလန်ပြည်ရဲ့ အနောက်မြောက်ဒေသ လီဗာပူးမြို့ မန်ချက်စတာမြို့ တို့နဲ့ မိုင်သုံးဆယ်ကျော် လေးဆယ်သာ ကွာဝေးပြီး အိုင်းရစ်ပင်လယ် ကမ်းခြေက သာယာလှပတဲ့ အပန်းဖြေမြို့လေး တမြို့ပါ၊ ခရီးသွားလုပ်ငန်းတွေ အပေါ်မှာ အဓိက မှီခိုအားထားနေတဲ့ မြို့တမြို့ဖြစ်သော်လည်း အခုအခါမှာတော့ တစတစ ကျဆင်းနေတဲ့ ဘလက်ပူး ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့ လုပ်နေရပါတယ်တဲ့၊
သူတို့တွေရဲ့ ကျဆင်းနေတဲ့ ခရီးသွား လုပ်ငန်းဆိုတာ တနှစ်ကို ခရီးသည် ၁၇ သန်းကျော် လာနေရာကနေ ကျဆင်းလာတာကို ပြောတာ ဆိုတာကိုတော့ သတိပြုမိဖို့ရာ လိုပါတယ်၊
လာမယ့် ၂၀၁၄ ခုနှစ်မှာ နှစ်ပေါင်း ၁၂၀ ပြည့်တော့မယ့် ဘလက်ပူးအီဖယ်နဲ့အတူ အဲဒါကြီးကို လာရောက်ကြည့်ရှုကြမယ့် ခရီးသွားဦးရေ တိုးပွားလာအောင် သက်ဆိုင်ရာ ဘလက်ပူးရဲ့အာဏာပိုင်များ ဘယ်လိုလုပ်ကိုင်မလဲ ဆိုတာက စိတ်ဝင်စားဘွယ်ရာပါ၊ မောင်ရင်ငတေတို့ရဲ့ ရန်ကုန်မြို့တော် အဟောင်းကြီးကို စင်ကာပူထက် ပိုကျော်အောင်လုပ်ချင်တဲ့ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိပုဂ္ဂိုလ်ကြီးများကိုလည်း မောင်ရင်ငတေ စရိတ်အကုန်အကျခံပြီး လေ့လာရေးခရီးများ ပို့ပေးချင်မိတာကတော့ စိတ်ကူးယဉ် တခုထက်တော့ ပိုမိုမိပါတယ်။
Blackpool Tower Theme park
(ဒုတိယပိုင်းဆက်ပါမည်)
မောင်ရင်ငတေ
[မိုးမခ စာမျက်နှာ http://moemaka.com မှာ တွေ့ရတဲ့ မောင်ရင်ငတေရဲ့ ရောက်တတ်ရာရာ အတိုအစများကို ကူးယူ ဖော်ပြပါတယ်]
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
ဂျပန် ANA က Asian Wings အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ၀ယ်မယ်ဟုဆို
Posted:2013-08-29 14:36:52 UTC+07:00
ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) က ပြည်ပဈေးကွက်အတွက် မြန်မာနိုင်ငံက လေကြောင်းတခုမှာ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ၀ယ်မယ်လို့ သတင်းတွေ ထွက်လာပါတယ်။
Japan’s ANA To Buy 49 Pct In Burma’s Asian Wings Airways
http://www.irrawaddy.org/archives/42865
ANA လေကြောင်းလိုင်းဟာ နိုင်ငံတကာ ဈေးကွက်ထဲက အာရှဈေးကွက်ကို ချဲ့ထွင်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ ANA က ပြောထားတာပါ။
တချိန်တည်းမှာပဲ ANA ဂျပန် လေကြောင်းလိုင်းအနေနဲ့ မြန်မာနိုင်ငံက Asian Wings Airways -AWA လေကြောင်း လိုင်းမှာ ၄၉ ရာခိုင်နှုန်း ၀ယ်ယူဖို့ ဂျပန် ယန်းငွေ သန်းပေါင်း ၂၅၀၀ ကျော် ( အမေရိကန် ဒေါ်လာ ၃ ဘီလျံကျော် ) ရင်းနှီးမြှုပ်နှံ သွားဖွယ် ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပေမယ့် ANA ကုမ္ပဏီ ဘက်ကတော့ ဘယ်လို မှတ်ချက်ကိုမှ မပေးသေးပါဘူး။
တဆက်တည်း သတင်းတွေအဆိုအရ ANA အနေနဲ့ AWA နဲ့ အတူ မြန်မာပြည် ပြည်ပ ခရီးစဉ်တွေကိုပါ အတူ ပြေးဆွဲရေး လုပ်ကိုင်မှာလို့လည်း သတင်းတွေက ဆိုပြန်ပါတယ်။
ANA နဲ့ AWA တို့ဟာ အရှေ့ တောင် အာရှ ဒေသတွေဆီကနေ မြန်မာပြည် အလယ်ပိုင်းကို သယ်ယူ ပို့ဆောင်ရေး ကွန်ရက် ဖွဲ့ဖို့ အစီအစဉ်တွေရှိပြီး အခုလို ၄၉ ရာခိုင်နှုန်း ဂျပန်က ၀ယ်မယ်ဆိုတာဟာ မြန်မာပြည်မှာ ဥပဒေအရ အများဆုံး ခွင့်ြ့ပုထားတဲ့အတိုင်း ANA က ၀ယ်ယူမှာ ဖြစ်ပြီး လာမယ့်နှစ် မတ်လကုန်ပိုင်းမှာ ငွေပေးချေမှာဖြစ်တယ် လို့ ဆိုပြန်ပါတယ်။
“ဆုံးဖြတ်ချက် တခုခု ချပြီးရင်တော့ ကုမ္ပဏီအနေနဲ့ ချက်ချင်း သတင်းထုတ်ပြန်သွားမှာပါ” လို့ ANA ကုမ္ပဏီ ရဲ့ ပြော ရေး ဆိုခွင့် ရှိသူ မိုဟို အိတို (Moho Ito ) က ပြောတာကို အေအက်ဖ်ပီ သတင်းဌာက ဖော်ပြထားပါတယ်။
ဂျပန်လေကြောင်းလိုင်းကို ရှယ်ယာ ၄၉ ရာခိုင်နှုန်း ထုတ်ရောင်းဖို့ ဆိုတဲ့ AWA လေကြောင်းလိုင်းဟာ ၂၀၁၁ ခုနှစ်ကမှ ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကို စတင်ပြေးဆွဲခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ထားရှိနေတဲ့ မြန်မာနိုင်ငံက နာမည် ကြီး သူဌေးကြီး တဦး ဖြစ်သူ ဦးတေဇက Asia Wings ရဲ့ ရှယ်ယာ အများစု ပိုင်တယ်ဆိုတဲ့ အတည်ပြုလို့ မရသေးတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာက ကုမ္ပဏီ လုပ်ငန်းစုကြီးတွေမှာ သူဌေးကြီးတွေအနေနဲ့ ဘယ်သူက ဘယ်လောက် ရာခိုင်နှုန်း ပိုင်ဆိုင် တယ် ဆိုတာ လူသိရှင်ကြား သတင်းထုတ်ပြန်တာမျိုး မရှိသလို သိဖို့လည်း မလွယ်ကူ ပါဘူး။
ရန်ကုန်အခြေစိုက် AWA ဟာအခု လက်ရှိ ပြည်တွင်းခရီးစဉ် ၁၃ မြို့ကို ပြေးဆွဲနေပါတယ်။
လာမယ့် အောက်တိုဘာလမှာတော့ AWA ဟာ ပြည်ပခရီးစဉ်တွေကိုလည်း ပြေးဆွဲတော့မှာပါ။ သိရသလောက် က တော့ ရန်ကုန်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ကို စတင်ပြေးဆွဲမယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ပေါ် နေပါတယ်။
တဖက်ကလည်း ဂျပန် ANA လေကြောင်းလိုင်းဟာ ပွင့်လင်းစ ပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ခရီးသွားတွေ စိတ်ဝင်စား ကြတာကြောင့် လာမယ့် အောက်တိုဘာမှာ ဂျပန်နိုင် နာရီတာ လေဆိပ်ကနေ ရန်ကုန်ကို တိုက်ရိုက်ပြေးဆွဲမှု ခရီးစဉ် ကို ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
"လူထုထောက်ခံမှုပြန်ရအောင် စနစ်တကျလုပ်နေတာလည်း ဖြစ်နိုင်တယ်"
Posted:2013-08-28 02:00:03 UTC+07:00
~
မနေ့က ဧရာဝတီသတင်းဌာနကနေ အီးမေးလ်ကတဆင့် မေးမြန်းလာတဲ့ မေးခွန်းတွေကို ကျွန်တော်ပြန်ဖြေကြားခဲ့တာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကျွန်တော့်ရဲဘော်၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ သိရှိ၊ စဉ်းစား၊ ဝေဖန်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
လွှတ်တော်နဲ့ အစိုးရအကြားမှာ တဖြည်းဖြည်း ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ အတော်ကို အမြင်မတူညီတာတွေ ဖြစ်လာတာ တွေ့ရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့် ဒီလိုဖြစ်ရတာမျိုးရှိပေမယ့် သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းအကြားမှာ အကွဲအပြဲပုံစံမျိုးရှိနေတယ်လို့လည်း အမတ်တွေကိုယ်တိုင် ထုတ်ပြောလာတာတွေရှိပါတယ်။ အဲဒါ အကို ဘယ်လိုများ သုံးသပ်ပါသလဲ။
လက်ရှိအာဏာရပါတီက ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါ။ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌဟောင်း နဲ့လက်ရှိဥက္ကဋ္ဌတွေပါ။
သူတို့နှစ်ဦးအကြား အကွဲအပြဲပုံစံမျိုးရှိနေတယ်လို့ပြောတာကတော့ မှန်းဆချက်သက်သက်လို့ ထင်ပါတယ်။
သူတို့နှစ်ဦးကြားတင်မကပါဘူး လွှတ်တော်ထဲမှာလည်း အမြင်သဘောတွေကွဲလွဲတာ၊ ခြားနားတာတွေရှိနေရင်ပိုကောင်းမယ်။ လွှတ်တော်ကလည်း ပိုအသက်ဝင်မယ်လို့ ထင်ပါတယ်။
အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးအပိုင်းတွေမှာ အမြင်၊ လုပ်ဟန်ခြားနားတာတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် ဥပဒေပြုရေးကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ပါ။
ကျွန်တော့်အမြင်ကတော့ အစိုးရနဲ့လွှတ်တော်အကြား သဘောကွဲလွဲတာရှိကောင်းရှိနိုင်ပေမယ့်၊ အရေးကြီးတဲ့အကြောင်းအရာတွေမှာတော့ မကွဲမပြားတစ်သားတည်းလို့ ထင်ပါတယ်။
နောက်ကျွန်တော့်အမြင်က၊ အပျော့အုပ်စုနဲ့အမာအုပ်စုဆို နှစ်ဖွဲ့ခွဲပြီး၊ ဗျုဟာမြောက် လူထုထောက်ခံမှုပြန်ရအောင် စနစ်တကျလုပ်နေတာလည်း ဖြစ်နိုင်တယ် ဆိုတာ ထည့်စဉ်းစားရပါမယ်။
လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ဆွေးနွေးကြတဲ့အခါမှ တပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ဖွတ်လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ အချင်းချင်း တိုက်ခိုက်ပြောဆိုတဲ့အထိ ဖြစ်လာတာကို တွေ့ရပါတယ်။
ပုံမှန်အားဖြင့် ငြိမ်နေတတ်ကြတဲ့ တပ်ကိုယ်စားလှယ်တွေက ဒီလွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းဖို့ တောင်းဆိုတာကို ဘာကြောင့်လို့ သုံးသပ်ပါသလဲ။
တပ်မတော်ကိုယ်စားလှယ်တွေနဲ့ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေအကြား အချင်းချင်းတိုက်ခိုက်တဲ့အထိ ဖြစ်လာတာတဲ့အတွက် လွှတ်တော်အစည်းအဝေးတွေအပေါ် ပြည်သူလူထုရဲ့စိတ်ဝင်စားမှုအတန်အသင့်ပြန်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။
အစိုးရနဲ့လွှတ်တော်ကို ဦးဆောင်နေတာ ပြည်ခိုင်ဖြိုး ပါတီကပါ။
ပြည်ခိုင်ဖြိုးပါတီနဲ့တပ်မတော်ကလည်း နီးစပ်ပါတယ်။ အဲဒီအချက်တွေကို ထည့်စဉ်းစားရပါမယ်။
မတူတဲ့အမြင်တချို့ကိုတော့တွေ့ရပါတယ်။
ဒါပေမယ့် လွှတ်တော်ထဲမှာ ဆွေးနွေးပြောဆိုတာတွေက လွတ်လပ်ရေး ရပြီးစ ပါလီမန်ခေတ်ကနဲ့ ယှဉ်ရင်တောင် အားပြိုင်မှုတွေ၊ အကြိတ်အနယ်ဖြစ်မှုတွေမှာ အများကြီးအား နည်းနေသေးတာကို တွေ့ရပါတယ်။
လွှတ်တော်နဲ့ အစိုးရက အခုနောက်ပိုင်း တဖြည်းဖြည်း ပွတ်တိုက်မှုတွေများလာလို့ အစိုးရကို လွှတ်တော်ကနေ အယုံအကြည်မရှိ အဆိုတင်သွင်းတဲ့အဆင့်အထိ ရောက်နိုင်ပါသလား။
အဲဒီအဆင့် မရောက်နိုင်ဘူးဆိုရင်တောင် ဘယ်လိုနိုင်ငံရေးအခြေအနေမျိုး ဦးတည်သွားနိုင်တယ်လို့ သုံးသပ်ပါသလဲ။
အစိုးရကို လွှတ်တော်ကနေ အယုံအကြည်မရှိအဆိုတင်သွင်းနိုင်တဲ့ဖော်ပြချက်ကိုတော့ ကျွန်တော်သိသလောက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မတွေ့ရဘူး။
သမ္မတကိုတော့ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကလက်မှတ်ထိုးရင်စွပ်စွဲပြစ်တင်နိုင်တယ်။
ပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ်တွေမပါရင် စွပ်စွဲပြစ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ပြည်ခိုင်ဖြိုးပါတီကရော သူတို့ရွေးတဲ့သမ္မတကို သူတို့ကိုယ်တိုင် ပြန်စွပ်စွဲပြစ်တင်တာမျိုးလုပ်နိုင်ခြေမရှိဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲနီးလာတာနဲ့၊ ဦးသိန်းစိန်ကလည်း သမ္မတပြန်အရွေးမခံမှာ သေချာတာနဲ့၊ သမ္မတလုပ်ဖို့ တာစူနေတဲ့ သူရဦးရွှေမန်းအပေါ် နိုင်ငံရေးအမှတ်တွေပိုရအောင် စနစ်တကျ လုပ်လာတာမျိုးတော့ တွေ့နိုင်ပါတယ်။
ပြည်ခိုင်ဖြိုးကတင်တဲ့ သမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်လို့ အဆိုအောင်ခဲ့ရင်၊ ပါတီပါ ထိခိုက်နိုင်တာမို့ အဲဒီလို ခန့်မှန်းချက်မျိုးဟာ မဖြစ်နိုင်ဘူး လို့ပဲ ကောက်ချက်ပေးချင်ပါတယ်။
ဒေါက်တာရန်မျိုးသိန်း Facebook ကနေ ကူးယူ ဖော်ပြပါတယ်။
ဒေါက်တာရန်မျိုးသိန်း ပါဝင်ဆွေးနွေးထားတဲ့ နိုင်ငံရေးသုံးသပ်ချက် စကားဝိုင်းကို နောက်ဆုံးထုတ်လွှင့်တဲ့ ဒိတ်လိုင်းဧရာဝတီမှာ ကြည့်ရှုနိုင်ပါလိမ့်မယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.
“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”
Posted:2013-08-27 18:19:26 UTC+07:00
ပညာနဲ့ပတ်သက်တဲ့လို့ တန်ဘိုးရှိတဲ့ ဗဟုသုတတွေ ပေးစွမ်းတဲ့ ၀ါရင့်ဆရာကြီး တဦးရဲ့ ပြောစကား တွေပါ။ ဧရာဝတီ ပင်မ မြန်မာပိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ပညာရေး သုတေသန ပညာရှင် ဆရာကြီး ဦးသန်းဦး (ဓာတ်ပုံ – တေဇလှိုင်/ ဧရာဝတီ)
ဦးသန်းဦးသည် ၀ါရင့် ပညာရေးသုတေသီတဦးဖြစ်သည်၊ ၁၉၅၄ ခုနှစ်တွင် B.A.(Ed)ဘွဲ့ရရှိခဲ့ပြီး ပြည်ခရိုင် ပုတီးကုန်းမြို့တွင် အထက်တန်းကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သည်၊ ၁၉၆၀ခုနှစ်တွင် B.Ed ဘွဲ့ထပ်မံရယူခဲ့ပြီးနောက် အမေရိကန်ကွန်ဂရက် မှ ဖွင့်လှစ်သည့် အရှေ့အနောက်ပေါင်းဆုံရာ ဌာန (East- West Center)မှ ပေးသည့် စကော်လားရှစ်ရရှိကာ ဟာဝိုင်အီတက္ကသိုလ် သို့ တက်ရောက်ခွင့်ရရှိပြီး M.Edဘွဲ့ရရှိခဲ့သည်။
၁၉၆၄ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံကျောင်းအုပ်၊ ၁၉၇၇ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ ဥက္ကဋ္ဌ၊ အခြေ ခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန အကြံ ပေးပုဂ္ဂိုလ်၊ ၁၉၉၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ၀ိဇ္ဖာနှင့် သိပ္ပံ ပညာရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဦးသန့် တည်ထောင်သည့် ပညာ့ တန်ဆောင်အဖွဲ့တွင်ဥက္ကဌ တာဝန်များအပြင် လက်ရှိလည်း“ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းကို အစိုးရနှင့် ပူးတွဲ ဆောင်ရွက်နေသည့် ပညာရှင်တဦးဖြစ်သည်။
ဆရာကြီး ဦးသန်းဦး ကို ယနေ့ခေတ် ပညာရေးနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ လာမယ့် ပညာသင်နှစ်မှာ ၀ိဇ္ဇာသိပ္ပံ စာသင်တန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ အရင်လို ဖွင့်လှစ်တော့မယ်၊ ဒီလို ပြန် လည် ဖွင့်လှစ်နိုင် တော့မယ့် အပေါ်မှာ ပညာရေး သုတေသန ဥက္ကဌဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ ၀ိဇ္ဇာနဲ့ သိပ္ပံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ တယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီစာသင်နှစ်ကစပြီး ၀ိဇ္ဇာသိပ္ပံ ကျောင်းသားတွေလက်ခံမယ်ဆိုတော့ ၀မ်းမြောက်ဝမ်းသာကြိုဆိုတယ်။၁၉၂၀ ခုနှစ်က စပြီး ရန်ကုန်တက္ကသိုလ်ဟာ ပင်မတက္ကသိုလ်တခုအဖြစ် ရပ်တည်လာခဲ့ရာက အကြောင်းအားလျော်စွာ လို့ပဲဆိုကြပါစို့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စတဲ့Under Gratuate အတန်းတွေကို မထားပဲနဲ့ ဘွဲလွန်နဲ့ မဟာတန်း တွေကို ထားခဲ့တယ်၊ RITလည်း မနှစ်ကစပြီး ပထမနှစ်ကနေ တက်ရတဲ့ အတန်းတွေပြန်ဖွင့်ပြီ။
ကျနော့် သဘောထားကတော့ တက္ကသိုလ်တခုဟာ ဘွဲ့သင်တန်း(Under Gratuate)တွေရှိရမယ်၊ ပြီးတော့ ဘွဲ့လွန်သင်တန်း( ဒီပလိုမာ၊ မာစတာ၊ ပါရဂူ)တွေ တက္ကသိုလ် အင်္ဂါရပ်နဲ့ အညီ အပြည့်အစုံရှိသင့်တယ်။
မေး။ ။ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်ပေမယ့် တဘာသာကို ၁၅ ဦးပဲ လက်ခံမယ်ဆိုတော့ အရမ်းနဲမနေဘူးလား၊ ရှေးကရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ မထင်မိဘူးလား။
ဖြေ။ ။ ကျောင်းသားလှုပ်ရှားမှုတိုင်းမှာ ရန်ကုန်တက္ကသိုလ်ကပဲ စခဲ့တာဆိုတော့၊ အခု ကျောင်းအာဏာပိုင်တွေကလည်း ကျောင်းသား လှုပ်ရှားမှုတွေကို အထိုက်အလျောက်စိုးရိမ်ပုံရတယ်၊ အရင်ကလည်း ကျောင်းကပိတ်လိုက်ဖွင့်လိုက်နဲ့ ၃ လသင်တန်း၊ ၆ လသင်တန်း လောက်ပဲ ဖွင့်နိုင်တာဆိုတော့ ကောင်းကောင်း စာမတတ်ကြဘူး၊ ဒီလိုဖြစ်မှာလည်း လက်ရှိ အာဏာပိုင်က စိုးရိမ်တယ်၊ ဒါကြောင့် အခုလောလောဆယ် တဘာသာ ၁၅ ဦးသွင်းကြည့်မယ်၊ အခြေအနေပေါ်မူတည်ပြီး များများလက်ခံမယ်၊ ဒါပဲ အချုပ်ကတော့ ကျောင်းသားလှုပ်ရှားမှုကို ကြောက်လို့၊ ကျောင်းသားလှုပ်ရှားမှုကလည်း ခေတ်အဆက်ဆက်ကိုး။
မေး။ ။ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ရင်ကော ဘယ်လိုများပြောချင်ပါလဲ ဆရာကြီး။
ဖြေ။ ။ တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသားတတ်အောင်သင်ဖို့ ဆိုရင် ဆရာကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင်မြောက်မြောက်တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ်ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ သည်သာ ရတနာ၊ ဆရာသည်သာ အခရာ” ဆိုသလိုပေါ့၊ ဆရာကောင်းမှ တပည့်ကောင်းမယ်၊ ဆရာတော်မှ တပည့်တော် မယ်။ ဆရာချွန် ဆရာမွန်တွေဖြစ်အောင် အမြဲမပြတ်ပြုစုပျိုးထောင်ရမယ်။
မေး။ ။ အခြေခံပညာ အပိုင်းမှာရော မြှင့်တင်ပြောင်းလဲစရာ ရှိပါသလား ဆရာကြီး။
ဖြေ။ ။ အခြေခံပညာ(Basic Education) လို့ ခေါ်တာကိုက နာမည်လွဲနေတယ်၊ ၁၉၆၆ ခုနှစ် တော်လှန်ရေးကောင်စီခေတ်မှာ ကျနော်က အထွေထွေပညာရေး ဥပဒေကို တင်တယ်၊ ဦးနေ၀င်းက ကက်ဘိနက်မှာ အထွေထွေလို့ သုံးရမယ့် အစား အခြေခံ ပညာရေး ဥပဒေလို့ပြောင်းလိုက်တယ်၊ ဦးနေ၀င်းက ရေရေရာရာ မသိဘဲနဲ့ ပြောင်းပြီး ခေါ်ခိုင်းလိုက်တာ၊ နိုင်ငံတကာက ပညာရေးလောကမှာ ပထမတန်းကနေ ဆယ့်နှစ်တန်း အထိကို အထွေထွေပညာရေး(General Education) လို့ ခေါ်တယ်၊ အထွေထွေ ပညာဆိုတဲ့ ရည်ရွယ်ချက်က ကျောင်းသားတယောက်ကို နိုင်ငံကြီးသား ပြည်သူပြည်သား ကောင်း တယောက်ဖြစ်ရေး အတွက် နိုင်ငံ ကြီးသားကောင်း တယောက်ရဲ့ အင်္ဂါရပ်တွေ ပြည့်စုံအောင်၊ ညီ ညွတ်အောင် ပြုစုပျိုးထောင်ပေးရမှာက အန္တိမရည်မှန်းချက်ပဲ၊၊ အဓိကကတော့ ပြည်သူပြည်သားကောင်း(Citizenship) ဖြစ်ရေးပဲ၊
တက္ကသိုလ်တက်ရေးဆိုတာ အစိတ်အပိုင်းလေးတရပ်ပဲရှိတယ်၊ တက္ကသိုလ်ပညာရေးဆိုတာက ကျွမ်းကျင်ဖို့ (Specialization)ပဲ၊ အဲဒီတော့ တက္ကသိုလ် ကျောင်းသားတယောက်ဖြစ်ပြီဆိုတာနဲ့ Citizenship ဖြစ်ပီးသား ပါလာရမယ်၊ ပြီးတော့မှ သူ သန်ရာသန်ရာ ဆေး ဘက်သန်ရင် ဆေး၊ အင်ဂျင်နီယာဘက်သန်ရင် အင်ဂျင်နီယာ၊ စီးပွားရေး စသည်ဖြင့် အဲ့ဒီပညာရပ်တွေ ကို ကျွမ်းကျင်အောင် ဆည်းပူးရမယ်။
ဒါမှလည်း ပညာတတ်တွေထွက်မယ်၊ ပညာတတ်ဆိုတဲ့နေရာမှာလည်း စာတတ်တဲ့ပုဂ္ဂိုလ်ကို ဆိုလိုတာမဟုတ်ဘူး၊ ပညာတတ် ဆိုတာ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားပြီး သိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ။ ပညာတတ်တွေ ထွက်ဖို့ လိုတယ်၊ နင့်မိုဆို စာတွေကိုပဲ သိတဲ့လူ သင်ညာတတ်တွေချည်းဖြစ်နေမယ်။
မေး။ ။ အခုလို ပြောင်းလဲနေတဲ့ခေတ်မှာ ပညာရေးနဲ့ ပတ်သက်လို့ သင်ကြားနည်းစနစ်အမျိုးမျိုးကြားနေ တွေ့နေရတယ်၊ တချို့လည်း ပြည်တွင်းက ထွင်တာရှိသလို၊ တချို့လည်း ပြည်ပကနေ တင်သွင်းလာတာတွေရှိတယ်၊ အဲဒီအပေါ်မှာ ဆရာကြီး ဘယ်လိုမြင် ပါသလဲ။
ဖြေ။ ။ အမေရိကားမှာ တတ်နိုင်သမျှ လေ့လာခဲ့တယ်၊ အမေရိကန်ရော ဂျပန်ရော အနောက်နိုင်ငံတွေရော မြန်မာထက် ပညာရေးမှာ အရမ်းကို ရှေ့ပြေးနေတယ်၊ အဲဒီတော့ သူတို့ဆီမှာ လုပ်သမျှကို တို့ဆီမှာ ချက်ချင်း လုပ်လို့မရဘူး၊ တို့အခြေအနေနဲ့ တို့လုပ်လို့ရနိုင်တာကို လုပ်ရမယ်လို့ ယူဆတယ်။
သူတို့ဆီက သင်ကြားနည်းစနစ်တွေက မကောင်းဘူးလားဆိုတော့ အရမ်းကောင်းတယ်၊ သို့သော် ကောင်းတိုင်းလိုက်လုပ်လို့ မရ ဘူး၊ အဲဒီနည်းစနစ်တွေကို ဆောင်ရွက်လို့ရအောင် ဆရာတွေကို လေ့ကျင့်ပေးဖို့လိုမယ်၊ နောက်တခု သင်ထောက်ကူပစ္စည်း လိုတယ်၊ တို့ပညာရေးမှာက “မြေဖြူခဲနဲ့ ကျောက်သင်ပုန်းက လွဲရင် ဘာမှမရှိတာ”၊ သူတို့ဆီမှာက အမျိုးစုံရှိတယ်၊
တို့ဆီက ကျောင်းတွေမှာ အလင်းရောင်မရှိဘူး၊ လေ၀င်လေထွက်မကောင်းဘူး၊ ထိုင်ခုံတောင်မှ တယောက်ချင်းထိုင်တဲ့ ထိုင် ခုံမပေးနိုင်ဘူး၊ တချို့နေရာတွေမှာ ကျောင်းမရှိဘူး ဆောက်ပေးရမယ်၊ တိုက်ဆောက်ပေးဖို့မဟုတ်ဘူးနော်၊ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ကျောင်းမျိုး အရင်လုပ်ရမယ်၊ သင်ထောက်ကူပစ္စည်းတွေ အကုန်ဖြည့်ဆည်းပေးရမှာ၊ ပရိုဂျက်တာ ခဏထားဦးနော်၊ တို့ဆီမှာ သူငယ်တန်းဖတ်စာအုပ်ဆိုတာ စုတ်ပြတ်နေတာပဲ၊ သူတို့ဆီက ဖတ်စာအုပ်က ကတ်ထူကြီးနဲ့ ရုပ်ပုံကားချပ်တွေနဲ့ အရောင်တွေနဲ့ လေ။ အကူအညီပေးရင်တောင် တို့ဆီမှာ သိမ်းဖို့ဆည်းထားဖို့ ဗီရိုတောင် မရှိဘူး။
ဒီလို ပညာရေးစနစ်တွေကို တို့ဆီမှာ အခုရေတွင်းတူး အခုရေကြည်သောက် လုပ်လို့မရဘူး၊၊ သူတို့ကတော့ သူတို့ နည်းစနစ်တွေ ဘယ်လို ကောင်းတယ်ဆိုတာ ပြောတာတော့ ပြောမှာပေါ့။ ပိုက်ဆံရှိတဲ့ ကျောင်းသားအတွက် အဆင်ပြေပေမယ့်၊ အများစုအတွက် ကတော့ အချိန်ယူလုပ်ရလိမ့်မယ်၊ ချက်ချင်းတော့ မရဘူး။ ဆယ်စုနှစ်အတွင်း ပြောင်းဖို့ မလွယ်ဘူး။ ဆရာ့ အတွေ့အကြုံအရတော့ လက်တွေ့နဲ့ သီအိုရီ နှစ်ခုကို ပေါင်းစပ်ရတာက အခက်ဆုံးပဲ။
မေး။ ။ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်ဖို့ကိစ္စ သတင်းတွေကြားနေရတယ်၊ အဲဒီအပေါ်မှာ ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ တက္ကသိုလ်များဟာ တချိန်တခါမှာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိရမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောခဲ့တယ်၊ တချိန်မှာဖြစ်ကိုဖြစ် သင့်တဲ့ကိစ္စပါ၊ Academic Atmosphere ဆိုတဲ့ ပညာရေး ၀န်းကျင်ကောင်း၊ Academic Freedomဆိုတဲ့ ပညာရေး လွတ်လပ်ခွင့် ဆိုတဲ့ အချက်နှစ်ချက်နဲ့တော့ ပြည့်စုံရမယ်၊ အဲဒီနှစ်ခုကို ဘယ်သူက ဖန်တီးပေးရလဲဆိုတော့ တက္ကသိုလ်ကောင်စီရယ်၊ တက္ကသိုလ် ဆီးနိတ်ရယ် က ဖန်တီးပေးရတယ်။
တက္ကသိုလ် ကောင်စီကတော့ စီမံခန့်ခွဲရေးနဲ့ ပညာရေး နှစ်ရပ်စလုံး လုပ်ရတယ်၊ တက္ကသိုလ်က ပါမောက္ခတွေရော၊ သက်ဆိုင်ရာ ၀န်ကြီး ဌာန ကိုယ်စားလှယ် တွေ၊ ပြင်ပ အဖွဲ့အစည်းကလူတွေ ပါတယ်၊ ၁၉၂၀ ပြည့်နှစ်လောက်ကတော့ ဘွဲ့ရသူများ(Register Graduate) နှစ်ဦးပါရတယ်၊ နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ ကျောင်းသားဘ၀မှာ ဘွဲ့ရသူ နှစ်ယောက်အစား ကျောင်း သား သမဂ္ဂ ကိုယ်စားလှယ်ပေးပါ တောင်းတော့ခွင့်ပြုခဲ့တယ်၊ ပညာရေးဝန်ကြီးဌာနအောက်မှာ မရှိဘူး။
ဆီးနိတ်ဆိုတာကတော့ ဆရာတွေ ပါမောက္ခတွေနဲ့ချည်းဖွဲ့ထားတာ၊ သင်ကြားရေးပိုင်းမှာ တာဝန်ယူရတယ်။ နိုင်ငံတော်ကတော့ ငွေကြေးပံ့ပိုးပေါ့၊ ဆရာလုပ်ဖို့ မဟုတ်ဘူး။
ကျောင်းသားတယောက်ဟာ တက္ကသိုလ်ကို ရောက်လာတာနဲ့ အဆောက်အအုံ ကျောင်းဆောင်၊ သစ်ပင်ပန်းမန်ရော၊ ပညာရပ် အသိုင်းအ၀န်း ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း၊ ယဉ်ကျေးမှု အဖွဲ့အစည်း၊ လူ့အဖွဲ့ အစည်းတွေ စတဲ့ တက္ကသိုလ် ၀န်းကျင်ကောင်းဖန် တီးပေးရမယ်၊
နောက် ကျောင်းသားရော ဆရာရော Academic Freedom ရှိရမယ်၊ ဘယ်သူမှသူတို့ကို ချုပ်ချယ်ကန့်သတ် မလုပ်ရဘူး၊ အဲဒါ တက္ကသိုလ်တခုရဲ့ အင်္ဂါရပ်ပဲ၊ နိုင်ငံခြား တက္ကသိုလ်တွေမှာလည်း ဒီအတိုင်းပဲ၊ အဲဒါကို ရှေးရှုမယ်ဆိုရင် ကောင်းတယ်။
မေး။ ။ ဆရာကြီးက လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ နိုင်ငံတော် ငြိပ်ဝပ်ပိပြားရေးဆိုတဲ့ စစ်အစိုးရ လက်ထက် စတဲ့ ခေတ်သုံးခေတ်ရဲ့ ပညာရေးလောကမှာ ကျင်လည်ခဲ့ဖူးတော့ ဘယ်ခေတ်က ပညာရေး လွတ်လပ်ခွင့် အရှိဆုံး အကောင်းဆုံးလို့ ပြောလို့ရမလဲ။
ဖြေ။ ။ လွတ်လပ်ရေးရပြီး ၁၉၄၈ ကနေ ၁၉၆၂ အထိ အကောင်းဆုံးလို့ ဆိုရမှာပါ၊ ၁၉၅၂ မှာ ပြည်တော်သာ ညီလာခံ ကျင်းပပြီး ပညာ ရေး ကို “ဘ၀သစ် ဖန်တီးမှု ပညာရေး စီမံကိန်”းဆိုပြီး ရည်မှန်းချက် ၅ချက်နဲ့ အကောင်အထည်ဖော်ခဲ့တယ်၊ အဲဒီ ခေတ်ကတော့ ကျနော်တို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပညာရေးခေတ် တခေတ်ပါပဲ၊
၁၉၆၂ ကနေ ၁၉၈၈ အထိ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အစိုးရ၊ ၁၉၈၈ကနေ ၂၀၁၀ အထိက စစ်အစိုးရပေါ့၊ အဲဒီ ကာလတွေမှာ တော့ ပညာရေးလောကမှာ Academic Freedom မရှိတော့ဘူး၊ ပညာရေး ပြုစုပျိုးထောင်မှု Academic Atmosphere လျော့ပါးသွားတယ်။
မေး။ ။ အခု အစိုးရသစ် လက်ထက်မှာရော အရင်လို ပညာရေး အရည်အသွေး မြင့်တက်လာအောင် လုပ်နိုင်ပါ့မလား။
ဖြေ။ ။ တော်တော်ကြီးကို ကြိုးစားရမယ်၊ တက္ကသိုလ်မှာ ၃ လနဲ့ ပညာသင်နှစ် သတ်မှတ်၊ ၆လနဲ့ ပညာသင်နှစ် သတ်မှတ်၊ ကျောင်းသား မဆူအောင် အအောင်ပေး ဆိုတာမျိုးတွေကို ဆောင်ရွက်ခဲ့တော့၊ အခု ပါမောက္ခတွေ၊ ဆရာဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေကိုယ် တိုင် က အဲဒီ ကာလတွေကို ဖြတ်သန်းခဲ့ရကြတယ်၊ ခေတ်စနစ်တွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်၊ အဲ့ဒီတော့ သူတို့လည်း အတတ်ပညာပိုင်း ဆိုင်ရာမှာ သိပ်အကျွမ်းကျင်ကြီး မဖြစ်ဘူး၊ အရည်အချင်း အရည်အသွေး လျော့ပါးသွားတယ်၊ ဒါ သူတို့အပြစ် တော့ မဟုတ်ပါဘူး၊ ဒါကြောင့် ပါမောက္ခဆိုတာ အမည်နဲ့ကိုက်ညီအောင် မိမိတို့ ဘာသာရပ်မှာ တဘက်ကမ်းခတ်အောင် တတ်ဖို့ ကြိုးစားရမယ်၊ ဟိုခေတ်တုန်းက ပါမောက္ခဆိုတာ တယောက်တည်း ရှိတယ်၊ ပါမောက္ခ ဖြစ်ဖို့လည်း နှစ်ပရိစ္ဆေဒ အကြာကြီး အချိန် ယူရတယ်။
မေး။ ။ ဆရာကြီး ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ စစ်အစိုးရခေတ် ပညာရေးလောကအကြောင်းကို ပြောပြပါအုံး။
ဖြေ။ ။ အဲဒီခေတ်ကတော့ ကျောင်းသားတွေ လူမစုမိအောင် တက္ကသိုလ်တွေအများကြီး ဖွင့်ပစ်လိုက်တယ်၊ ကျောင်းတွေကို မြို့ပြင် ထုတ်တယ်ဆိုတာကလည်း ကျောင်းသားတွေ ချီတက်ဆန္ဒပြလို့မရအောင် လုပ်လိုက်တာပဲ၊ ကျောင်းသားတွေ စုစည်းမှာစိုးလို့ အဆောင်တွေ ဖြုတ်ပစ်လိုက်တော့ အဲဒီမှာ မိန်းကလေးတွေက ပျက်စီး၊ ယောကျာ်းလေးတွေက ဖဲသမားတွေဖြစ်ပြီး အကျင့်စာ ရိတ္တ ပျက်သွားတာပဲ၊ မြို့ပြင်ထွက်ပြီး ဘတ်စ်ကား စီးရတာနဲ့ အချိန်ကုန်ပြီး စာကြည့်တိုက် ၀င်ချိန် မရှိတော့ဘူးပေါ့။
၁၉၉၉ ခုနှစ်က ဆရာကြီး ကိုယ်တိုင် ရေးသား ပြုစုတဲ့“ပညာရေး ရှုခင်း”ဆိုတဲ့ စာအုပ်ထုတ်တော့ ဟိုတုန်းက ရေးဆွဲထားတဲ့ ဘ၀သစ်ဖန်တီးမှု ပညာရေး စီမံကိန်း ရည်ရွယ် ချက် ၅ ခုအတိုင်းပဲ “ဒီမိုကရေစီဝါဒ ထွန်းကားရန်” ဆိုတဲ့ အချက်ကို ထည့်ရေးတယ်၊ အဲဒါကို အစိုးရ စာပေ စိစစ်ရေးက ဒီမိုကရေစီ ပါလို့ ဖြှုတ်ခိုင်းတယ်။ အဲဒီတုန်းက အခြေအနေက အဲဒါပဲ။
မေး။ ။ ဦးနေ၀င်းရဲ့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ခေတ်မှာရော ပညာရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ သူ(ဦးနေ၀င်း)လည်းပဲ နားမလည်ဘဲ လူတတ်လုပ်ပြီး ဆောင်ရွက်တော့ သူလည်း အလွဲပေါ့။ ၁၉၆၆ ခုနှစ်မှာ ၀ိဇ္ဇာ သိပ္ပံခွဲပစ်ခဲ့တာ သူ့လက်ချက်ပဲလေ၊ ဟိုတုန်းက တက္ကသိုလ်ရောက်မှ ဥပစာ ၀ိဇ္ဇာ(Intermediate Art)၊ ဥပစာ သိပ္ပံ (Intermediate Science) ဆိုပြီး ခွဲတယ်၊ နောက်ပိုင်း ဦးနေ၀င်း လက်ထက် အခြေခံပညာမှာကတည်းက ခွဲလိုက်တော့ အခုဆိုရင် ၉တန်း ၁၀ တန်း မှာ ၀ိဇ္ဇာ ဘာသာရပ်ကို ယူတဲ့လူတောင် ရှားသွားပြီ။ မတတ်ဘဲနဲ့ သွားလုပ်တာကိုး။
မေး။ ။ ဦးနေ၀င်းက ပညာရေးနဲ့ ပတ်သက်လို့ မကျွမ်းကျင်ဘူးလို့ ဆရာက ဆိုတယ်၊ အဲဒီတော့ သူက ကျွမ်းကျင်တဲ့ ပညာရှင် တွေကိုရော အကြံဉာဏ် တောင်း ဆည်းကပ်ပြီး လုပ်ခိုင်းတာမျိုးရော ရှိလား။
ဖြေ။ ။ မရှိပါဘူး၊ ဦးနေ၀င်းက သုံးချက်သော ဆန့်ကျင်မှုကို ဆောင်ရွက်တယ်၊
(၁) Anti Politic နိုင်ငံရေးနဲ့ နိုင်ငံရေးသမား ကို ရွံ့မုန်းတယ်၊ ဒါပေမယ့် နိုင်ငံရေးကိုတော့ လုပ်တယ်၊
(၂) Anti Interlactural ပညာတတ်ကို မုန်းတယ်၊ တတ်တယ်လို့လည်း သူက မထင်ဘူး၊
နောက်တခုက အာဏာရှင်ဆိုတော့ Anti Democracy၊ ဒီမိုကရေစီလည်း မကြိုက်ဘူး၊ အဲဒီအတိုင်းပဲ ကျင့်သုံးတယ်၊ အဲဒီမှာတင် ဘာမှ အကောင်အထည် ဖော်လို့မရတော့ဘဲ သူခိုင်းတာလုပ်ရတော့ နိုင်ငံဟာ ချွတ်ခြုံကျသွားတာလို့ သုံးသပ်မိတယ်။
ဆရာကြီး မင်းသုဝဏ် (ဦးဝန်) လုပ်ထားတဲ့ မြန်မာစာ အဘိဓာန်တို့၊ သတ်ပုံကျမ်း တို့ကို ဦးနေ၀င်းက အကောင်းမထင်ဘူး၊ ဦးဝန် ကို “မကျက်တကျက် ဖုတ်ထားတဲ့ ပေါင်မုန့်”လို့ ခိုင်းနှိုင်းပြောတယ်၊ ဒါကြောင့် ဆရာဦးဝန် တော်တော်ကို စိတ်ဆင်းရဲသွားဖူးတယ်၊ အဲဒီတုန်းက သေချင်စိတ်တောင် ဖြစ်ဖူးတယ်လို့ ဆရာဦးဝန်က ပြောဖူးတယ်၊ ကျနော်က ဆရာဦးဝန်ကိုပြောရတယ်၊“ဆရာ နိုင်ငံ ရေး သမားက ပြောတာကို ခံစား မနေပါနဲ့ ကိုယ့် ပညာရှင်ချင်း ဝေဖန်တာမှ မဟုတ်တာ၊ ဦးနေ၀င်းလို ဘာမှနားမလည်တဲ့ လူပြော တာကို နာမနေပါနဲ့၊ ဆရာဇော်ဂျီ(ဦးသိန်းဟန်)က ဝေဖန်ရင် ဆရာနာလို့ ရတယ်လို့” ဖျောင်းဖြရတယ်။ ဦးနေ၀င်းက ဘာသာ စကား နဲ့ စာပေ(Language and Literature) ကိုမှ နားမလည်ဘဲနဲ့ ပြောတာလေ၊ နောက်တော့ ဦးနေ၀င်းက ဆရာဦးဝန်ကို ပြန် တောင်းပန်ပါတယ်။
ဒေါက်တာ လှဟန် ပညာရေးဝန်ကြီးဖြစ်တော့ ဦးနေ၀င်း ကို သွားတွေ့တယ်၊ ကျနော်က ကျန်းမာရေးမှာပဲ ကျွမ်းကျင်တယ်၊ ပညာ ရေး မှာ မကျွမ်းကျင်ဘူး၊ အဲဒီတော့ ပညာရေးကို ကျွမ်းကျင်တဲ့သူတွေလက် အပ်ချင်တယ်ဆိုတော့ ဦးနေ၀င်းက ခွင့်ပြုတယ်၊ အဲဒီ တော့ ဒေါက်တာ လှဟန်က ဒေါက်တာ ညီညီတို့ ကျနော်တို့ကို ခေါ်ခန့်တယ်၊ ဒါပေမယ့် ဦးနေ၀င်းက လွှမ်းမိုးထားတော့ ခန့်တာပဲရှိတယ်၊ ဘာမှ အလုပ်လုပ်လို့မရဘူး၊ လိုချင်တဲ့ပုံစံ မရဘူး။
မေး။ ။ ဒု ပညာရေး ၀န်ကြီးဟောင်း ဒေါက်တာ ညီညီ ကို ပညာရေးကို ဖျက်ဆီးသူလို့ စွပ်စွဲပြောဆိုမှုတွေ အပြင်မှာကြားနေရ တယ်၊ အဲဒါတွေက ဘယ်လောက်အထိ မှန်ပါသလဲ။
ဖြေ။ ။ ဒေါက်တာ ညီညီက ဘူမိဗေဒ ပါမောက္ခပေမယ့် ပညာရေးအပိုင်းမှာလည်း အများကြီး လေ့လာထားသူပါ၊ စိတ်နေ စိတ် ထားလည်း ကောင်းတယ်၊ အမှန်က သူဖျက်ဆီးတာ မဟုတ်ပါဘူး၊ ဦးနေ၀င်း ဖျက်ဆီးတာပါ၊ ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် ဥပဒေ နှစ်ခုစလုံးကို ရုပ်သိမ်းလိုက်တယ်၊ ဒါဟာ ဒေါက်တာ ညီညီအနေနဲ့ ဖျက်သိမ်းနိုင်တဲ့ ပါဝါမရှိဘူး၊ ဆိုလို ချင်တာ တက္ကသိုလ် ပညာရေးရော အခြေခံပညာရေးကိုပါ ဖျက်ဆီးခဲ့တာ ဆရာညီညီ မဟုတ်ဘူး၊ ၀န်ကြီးလည်း အာဏာမရှိ ဒုဝန်ကြီးလည်း အာဏာမရှိ၊ ဦးနေ၀င်းပဲ အာဏာရှိတာလေ။
ဒေါက်တာ ညီညီ အကြောင်းကို Time မဂ္ဂဇင်းမှာ မျက်နှာဖုံးပုံ ပါလာတော့၊ ဦးနေ၀င်းက သူ့နေရာကို ဦးသန့်တို့လို ယူမယ့်လူ ထင်ပြီး တရုတ်သွေး ပါတယ်လို့ စွပ်စွဲပြီး ပ ထုတ်လိုက်တာပဲ၊ ဘာမှ အပြစ်အနာအဆာ မရှိဘူး၊ အကျင့်စာရိတ္တလည်း ကောင်းတယ်၊ ဒါပေမယ့် သိမ်သိမ် မွေ့မွေ့နေရာ ဖယ်လိုက်တာပဲ၊ သတ္တုတွင်း ၀န်ကြီး ဌာနကို ပို့တယ်၊ နောက်တော့ သံအမတ်ကြီး အဲဒီကမှ အနား ယူ ဒါပဲ၊ အလားအလာ ရှိသူကို မထားချင်တဲ့ သဘောပေါ့။
ဒေါက်တာညီညီက ပညာတတ်ပဲဗျာ၊ ဒီလိုဘယ်နေမလဲ၊ ကုလသမဂ္ဂကို သွားတယ်၊ ယူနီဆက်မှာ ဒါရိုက်တာအထိ လုပ်သွားတယ်၊ ဒါကြောင့် ဒေါက်တာ ညီညီက ထိုင်နေတဲ့ လူစားမဟုတ်ဘူး၊ အကျိုးရှိရာရှိကြောင်း လုပ်ရမှ ကျေနပ်တဲ့ လူမျိုးပါ။
မေး။ ။ ဆရာကြီးအနေနဲ့ လက်ရှိ ပညာရေး ၀န်ကြီးဌာနကလည်း ပင်စင်ယူလိုက်ပြီ၊ လွတ်လပ်ပြီး အတွေ့အကြုံ ရှိတဲ့ ပညာရှင် တဦးအနေနဲ့ မြန်မာ့ပညာရေး တိုးတက်ဖို့နဲ့ပတ်သက်ပြီး တခြားသော ပြင်ပအဖွဲ့အစည်းတွေက အကူအညီတောင်းလာရင် ပူးပေါင်း ဆောင်ရွက်ဖို့ရော အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ကိုယ့်နိုင်ငံကောင်းဖို့ဆိုရင် မပူးပေါင်းနိုင်စရာ အကြောင်းမရှိပါဘူး၊ အကူအညီတောင်းလာရင် ပေးရမှာပါ၊ အခုလည်း လွတ်လပ် ပွင့်လင်းသော လူ့ဘောင်အဖွဲ့(OSI) က အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်နဲ့ ပြီးခဲ့တဲ့နှစ်က ဟန်ဂေရီနိုင်ငံ ဘူဒါပက်မှာ ပညာရေးအတွက် ဆွေးနွေးတယ်၊ အခုလည်း သူတို့နဲ့ မြန်မာပြည်ပညာရေးနဲ့ပတ်သက်ပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေးဆိုပြီး လုပ်နေတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လုပ်တဲ့ ပညာရေးအစည်းအဝေးတွေလည်း ဖိတ်တဲ့အခါ တက်ပါတယ်၊ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ ကလည်း ၁၉၆၄ ခုနှစ်ကတည်းက စပြီး ရင်းနှီးတော့ ပညာရေးနဲ့ပတ်သက်ရင် အစိုရကပဲ လုပ်လုပ်၊ NLDကပဲလုပ်လုပ် အကူအညီတောင်းရင်တော့ လုပ်ပေးမယ်။ ၁၉၅၄ ခုနှစ်ကနေပြီး အခုအထိတိုင် မြန်မာပြည်ပညာရေးမှာ ကျင်လည်ခဲ့တော့ သူများနိုင်ငံက ပညာရေး ဘယ်လောက်ကောင်းတယ်ဆိုလည်း သိတယ်၊ တို့နဲ့ သူတို့နဲ့ မတူဘူးဆိုတာလည်း သိတယ်၊ ဘာကစပြီး လုပ် ရမယ်၊ ဘာလုပ်ရမယ် ဆိုတာလည်း သိတယ်၊ အဲဒီတော့ တိုင်ပင်ဆောင်ရွက်လာရင် ငြင်းစရာ မရှိဘူး၊ ပညာရေး ဆိုတာ တခရီး တည်း သွားရမှာပဲ။ ။
.
The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment