Tuesday, August 20, 2013

Dawng ding a hoih han a hoih lo na zong om zel Bawng Nawi Tui.


ရုရှားနိုင်ငံတွင် ဖြစ်ပွားနေသည့် ရေလွှမ်းမိုးမှုများကြောင့် အနည်းဆုံး လူတစ်သိန်းမျှကို ရွှေ့ပြောင်းပေးရန် လိုအပ်ကြောင်း ရုရှားအစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဝန်ခံ ပြောကြားလိုက်သည်။ စနေနေ့မှစပြီး ရုရှားအရှေ့ပိုင်းတွင် ရေလွှမ်းမိုးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လာရာ လူပေါင်း(၁၇၀၀၀)ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သဘာဝ ဘေးအန္တရာယ် သက်ရောက်မည့် ဧရိယာသည် ပိုမိုကျယ်ပြန့်လာဖွယ် ရှိနေပြီး လူတစ်သိန်းကျော်မျှထိ ရွှေ့ပြောင်းရဖွယ် ရှိနေကြောင်း ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဗစ်တာအီရှာရက်ဗ်က ပြောဆိုသွားသည်။ လတ်တလောတွင် သမ္မတ ဗလာဒီမာ ပူတင်သည် ကယ်ဆယ်ရေး လုပ်ငန်းများ၌ စစ်တပ်ပါ ပါဝင်ပူးပေါင်းရန် စေခိုင်းထားသည်။ အီရှာရက်ဗ်က "အဆိုးဆုံး အခြေအနေထိ ကျွန်တော်တို့ မှန်းကြည့်ထားတာပါ။ လူပေါင်း တစ်သိန်းကျော်လောက်ကို ရွှေ့ပြောင်းပေးရနိုင်ခြေရှိတယ်။ ခုအခြေအနေကို ကျွန်တော်တို့ အေးအေးလူလူ သဘောထားမနေနိုင်ဘူး။ လုပ်စရာတွေက အများကြီး ရှိနေတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက "ရေလွှမ်းတဲ့နေရာ တော်တော်များနေတယ်။ ဖုန်းလိုင်းတွေ၊ လျှပ်စစ်မီးလိုင်းတွေ ပျက်ကုန်သလို လမ်းနဲ့တံတားတွေပါ ထိခိုက်ခဲ့တယ်။ မြို့တော်တော်များများ ရေဒဏ်ခံခဲ့ရတာပါ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက တွက်ဆလို့ မရသေးဘူး"ဟုလည်း ဝန်ခံခဲ့သည်။ ရာသီဥတု ဆိုးရွားမှု၊ မိုးသည်းထန်မှုတို့နှင့်အတူ ဆိုက်ဘေးရီးယား၏ အကြီးဆုံး မြစ်ဖြစ်သော အူမွာတွင် ရေလျှံမှုများ ပေါ်ပေါက်လာခဲ့သည်။ ယင်းမြစ်သည် ဆိုက်ဘေးရီးယားနှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတို့ကို နယ်ခြားအဖြစ် သတ်မှတ်ထားသည်။ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က ရေဘေးသင့် ဒေသများအတွက် ကူညီရန် ရူဘယ်လ်ငွေ (၃.၂)ဘီလျံ အသုံးပြုသွားရန် ရည်ရွယ်ကြောင်း ပြောဆိုထားသည်။

No comments:

Post a Comment

One Young World 2016 Summit Highlights