အမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့် သားအိမ်ခေါင်း ကင်ဆာကို ခွေးများ၏ သဘာဝ စွမ်းရည်တစ်ရပ်ဖြင့် အစောပိုင်း အဆင့်ကတည်းက ဖော်ထုတ်နိုင်ရန် သုတေသီများက ကြိုးပမ်းနေကြောင်း သိရှိရသည်။ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်တည်နေခြင်း ရှိမရှိကို အနံ့ခံခြင်းဖြင့် စောစောစီးစီး ကြိုတင် ထောက်လှမ်း သိရှိနိုင်ရန် ခွေးများကို ပညာရှင်များက လေ့ကျင့်ပေးလျှက် ရှိသည်။ ခွေးများ၏ ပင်ကိုယ် အနံ့ခံစွမ်းအားကို အဆိုပါ ကင်ဆာရောဂါ ရှာဖွေရေး ကိရိယာ တစ်ခုအဖြစ် အဆင့်မြှင့်တင် အသုံးချနိုင်ရန် သုတေသီများက မျှော်လင့်နေသည်။ သားအိမ်ခေါင်း ကင်ဆာသည် အန္တရာယ် ကြီးမားသော ရောဂါတစ်ခုဖြစ်ပြီး အစောပိုင်း အဆင့်များတွင် ထောက်လှမ်းရန် ခက်ခဲနေကာ ဆိုးဆိုးရွားရွား အချိန်မျိုးမှ ခံစားသိရှိလာလေ့ ရှိသည်။
ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ ပညာရှင်များသည် ဝေဒနာသည် အလှူရှင်များက လှူဒါန်းခဲ့သော သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုကာ ခွေးလေ့ကျင့်ရေး စင်တာ တစ်ခုတွင် ယခုလို ကြိုးစား အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ကနဦး အဆင့်အဖြစ် ခွေး(၃)ကောင်ကို အစောပိုင်း အဆင့်တွင်ပင် ကင်ဆာရှိမရှိ အနံ့ခံ စစ်ဆေးပေးနိုင်အောင် လေ့ကျင့်ပေးလျှက် ရှိသည်။ အကယ်၍ ခွေးများက မျှော်လင့်ထားသကဲ့သို့ သားအိမ်ခေါင်း ကင်ဆာ၏ ဓာတ်ပြောင်းလဲမှု အခြေအနေကို စောစီးစွာ အနံ့ခံ သိရှိနိုင်သည် ဆိုပါက မွန်နဲလ် ဓာတုဗေဒ အာရုံခံ စင်တာမှ သုတေသီများက အဆိုပါ အနံ့ကို သီးခြားခွဲထုတ် သိရှိနိုင်သည့် အာရုံခံ စနစ်တစ်ခုကို တီထွင်သွားရန် ရည်ရွယ်ထားသည်။
"ခွေးတွေကသာ ကင်ဆာဖြစ်နေတဲ့ အခြေအနေကို အနံ့ခံ သရုပ်ခွဲနိုင်ရင် ကျွန်တော်တို့ကလည်း အဲဒီနည်းလမ်းကို အခြေခံပြီး ပစ္စည်းကိရိယာ တစ်ခုခု မတီထွင်နိုင်ဘူးလားလို့ မေးစရာပါပဲ။ ကျွန်တော်တို့ကတော့ လုပ်နိုင်မယ်လို့ ထင်တယ်"ဟု မွန်နဲလ်မှ အော်ဂင်းနစ် ဓာတုဗေဒ ပညာရှင် ဂျော့ဂ်ျ ပရက်တီက ပြောကြားခဲ့သည်။ အမေရိကန်တွင် နှစ်စဉ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပေါ်ကြောင်း ဖော်ထုတ်တွေ့ရှိသူ (၂၀၀၀၀)မျှ ရှိသည်။ အကယ်၍ စောစီးစွာ ဖော်ထုတ်နိုင်ပါက ရောဂါရှင် အမျိုးသမီးသည် နောက်ထပ် (၅)နှစ်မျှ ဆက်လက် အသက်ရှင်နိုင်ရန် အခွင့်အရေး (၉၀) ရာခိုင်နှုန်း ရှိသည်။ သို့သော်လည်း ဝေဒနာရှင် အများစုသည် ရောဂါအခြေအနေ ရင့်သန်သည့် အချိန်မှ သိရှိလေ့ ရှိတတ်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်
No comments:
Post a Comment